မကွေးဖက်ဒရယ်ယူနစ် အစိုးရအဖွဲ့က ယူနစ်တပ် ဖွဲ့စည်း၊
အီသာရမ်/MFP၊ မတ် – ၁၇
မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့က ယူနစ်တပ် ဖွဲ့စည်းထားပြီး အပတ်စဉ် ၁ သင်တန်းဆင်းပွဲ အခမ်းအနားကို မတ်လ ၁၀ရက်က ကျင်ပခဲ့တယ်လို့ သတင်းရရှိပါတယ်။
မကွေးဖက်ဒရယ်ယူတပ်ဟာ ယူနစ်အစိုးရ ကာကွယ်ဝန်ကြီးဌာနရဲ့ လက်အောက်မှာ ရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။
”သင်တန်းကာလက နှစ်လပါ၊ local (ဒေသခံ)တွေ အကုန်လုံး စုပြီး ခေါ်လိုက်တာဗျ၊ ကျွန်တော်တိုနဲ့ ယူနစ်အနေနဲ့ ပထမဆုံး တွေ့ဆုံမိတဲ့တပ်တွေပါ၊ ကျွန်တော်တို့ သေနတ် အလက် ၄၀ တပ်ဆင်ပေးလိုက်ပါပြီ၊ ကျွန်တော် အရွေးခံဖို လျောက်ထားကတည်းက သင်တန်းက စပြီး ပေးနေတာ၊ ကျွန်တော် မဖြစ်လည်း ဖြစ်တဲ့သူကို အပ်မှာပေါ့ဆိုပြီး” လို့ မကွေးဖက်ဒရယ်ယူနစ် အစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်လက်ယာက MFP ကို ပြောပါတယ်။
မကွေးဖက်ဒရယ်ယူနစ်တပ် သင်တန်းဆင်းပွဲ အခမ်းအနားကို မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာ ရဲထွန်းဇော်၊ ကာကွယ်ရေး၀န်ကြီးလောင်း ဆရာလက်ယာနဲ့ မြိုင်၊ ပေါက်၊ စလင်း၊ ဆိပ်ဖြူမြိုနယ်၊ စတဲ့ ဒေသတွေရှိ မဟာမိတ်အင်အားစုတွေက တာ၀န်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ မြိုင် ပကဖ က သတင်း ထုတ်ပြန်ပါတယ်။
မကွေးဖက်ဒရယ်ယူနစ်တပ် အပတ်စဉ် ၁ သင်တန်းကို ဇန်နဝါရီလက စတင်ကာ နှစ်လကြာ သင်တန်းပေးခဲ့တာ ဖြစ်ပြီး မြိုင်၊ ပေါက်၊ စလင်း၊ ဆိပ်ဖြူ စတဲ့ မြိုနယ်တွေနဲ့ နပတ (၇၀၄)က သင်တန်းသားတွေ၊ စုစုပေါင်း သင်တန်းသား ၁၀၀ ကျော် တက်ရောက်ခဲ့တယ်လို့ မြိုင် ပကဖ က ဖော်ပြပါတယ်။
သင်တန်းကာလအတွင်း အမိန့်နာခံမှု၊ စည်းစနစ် ကောင်းမွန်မှုစတဲ့ (COC) နှစ်ရပ်အပြင် တိုက်ပွဲ၀င် သင်ခန်းစာတွေနဲ့ လက်နက်ဖြုတ်တပ်၊ ပစ်ခတ်မှုတွေကို လေ့ကျင့်သင်ကြားပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သင်တန်းကာလအတွင်း ယူနစ်တပ်ရဲ့ ကာကွယ်ရေး၀န်ကြီး အပါအဝင် နိုင်ငံအနှံရှိ မဟာမိတ်အင်အားစုတွေက သင်တန်းသားတွေကို ပြည်သူ့ဆက်ဆံရေး သင်ခန်းစာ၊ စစ်ရေး နိုင်ငံရေး အသိပညာတွေ ၀င်ရောက် အားပေး ဟောပြောခဲ့ပြီး သင်တန်းဆင်းပွဲကို ဒေသတွင်း တစ်နေရာမှာ အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့တယ်လို့ မြိုင် ပကဖ က ဖော်ပြပါတယ်။
မကွေးဖက်ဒရယ်ယူနစ် ကြားကာလ အစိုးရကို ၂၀၂၅ ဒီဇင်ဘာမှာ စတင်ဖွဲ့စည်းတာ ဖြစ်ပြီး ယူနစ်အစိုးရ ဝန်ကြီးချုပ်အဖြစ် ဒေါက်တာ ရဲထွန်းဇော်ကို မကွေးဖက်ဒရယ်ယူနစ် လွှတ်တော် က ၂၀၂၅ ဒီဇင်ဘာ ၂၆ရက်မှာ အတည်ပြု ခန့်အပ်ခဲ့ပါတယ်။
မကွေးဖက်ဒရယ်ယူနစ် အစိုးရ ဒု-ဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ ကျန်းမာရေးဝန်ကြီး၊ ပညာရေးဝန်ကြီး၊ စီမံဘဏ္ဏာ ဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးနဲ့ ရှေ့နေ့ချုပ်တို့ကို မတ်လ ၁၂ရက်မှာ မကွေး ဖက်ဒရယ်ယူနစ်လွှတ်တော်က ထပ်မံ အတည်ပြု ခန့်အပ်ခဲ့ပါတယ်။
မကွေးဖက်ဒရယ်ယူနစ်အစိုးရကို ဝန်ကြီးဌာန ရှစ်ခုနဲ့ ဖွဲ့စည်းမှာ ဖြစ်ပြီး လူသားချင်း စာနာ ထောက်ထားရေး ဆိုင်ရာ (လူသားစာန) ဝန်ကြီးဌာနနဲ့ ပြန်ကြားရေး ဝန်ကြီးဌာနတို့အတွက် ဝန်ကြီးတွေကို လွှတ်တော်က ဆက်လက် အတည်ပြုခန့်အပ်နိုင်ဖို့ ကြိုးစားနေကြပါတယ်။
မကွေးဖက်ဒရယ်ယူနစ် အစိုးရဖွဲ့ပြီး လပိုင်းအတွင်းမှာပဲ အခုလို ယူနစ်တပ် ဖွဲ့စည်းတာ ဖြစ်ပါတယ်။
မကွေး ဖက်ဒရယ်ယူနစ် ကြားကာလ အစိုးရအဖွဲ့ ယူနစ်တပ် သင်တန်းဆင်းပွဲမှာ တွေ့ရတဲ့ ယူနစ်အစိုးရ ဝန်ကြီးချုပ် ဒေါက်တာ ရဲထွန်းဇော်၊ ကာကွယ်ရေး ဝန်ကြီး ဗိုလ်လက်ယာ၊ ယူနစ်အစိုးရ တာဝန်ရှိသူတွေနဲ့ ဖက်ဒရယ်ယူနစ်တပ် ရဲဘော်တွေကို တွေ့ရစဉ်/Photo – မကွေးဖက်ဒရယ်ယူနစ်တပ်
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #မကွေး #ယူနစ်အစိုးရ #ယူနစ်တပ်



