မြင်းခြံမှာ စစ်အုပ်စုက ၁၀ရက်အတွင်း ကျေးရွာ ၁၃ရွာ စီးနင်းလုယက် မီးရှို့ဖျက်ဆီး၊
သောင်းနဲ့ချီတဲ့ပြည်သူတွေ ထွက်ပြေးနေရပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေ၊

MN/MFP ၊ မတ် – ၁၈
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် အနောက်ခြမ်း၊ ဧရာဝတီမြစ်ရိုးတလျှောက် ကျေးရွာတွေကို အာဏာသိမ်း စစ်အုပ်စုက လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေ စီးနင်းကာ လူသတ်၊ လုယက်၊ မီးရှို့နေပြီး ၁၀ရက် အတွင်း ကျေးရွာ ၁၃ရွာကို မီးရှို့ဖျက်ဆီးလို့ အိမ်ခြေ ထောင်နဲ့ချီ ပြာကျ ပျက်စီးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
စစ်အုပ်စုနဲ့ သီတာယုမွန် ဦးဆောင်တဲ့ ပျူစောထီးတွေဟာ ၂၀၂၅ ဒီဇင်ဘာက စလို့ ရွေးကောက်ပွဲ နယ်မြေစိုးမိုးရေး အကြောင်းပြကာ မြင်းခြံနယ်ထဲ ရွာစဉ်ပတ်မွှေ စီးနင်းလုယက်၊ လူသတ်၊ မီးရှို့နေတာ ဖြစ်ပြီး ယခု မတ်လ ၇ရက်ကနေ ၁၇ရက်အထိ ၁၀ရက်တာအတွင်း မြင်းခြံနယ် အနောက်ခြမ်းရှိ ကျေးရွာ ၁၃ရွာကို မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။

စစ်အုပ်စုက မြင်းခြံနယ် ကျေးရွာတွေကို အငြိုးတကြီးနဲ့ မီးပတ်ရှို့နေတာဖြစ်ပြီး မီးမလောင်ဘဲ ကျန်နေသေးတဲ့ နေအိမ်တွေကို အကြိမ်ကြိမ် စီးနင်းဝင်ရောက်ကာ ရွာလုံးကျွတ် ပြာချဖျက်ဆီးနေတာလို့ ဒေသခံတွေက ပြောပါတယ်။
မြင်းခြံနယ် အနောက်ခြမ်း၊ မြစ်ရိုးရှိ အိမ်ခြေ ၅၀၀ ကျော်ရှိတဲ့ သင်္ဘောတင်ကျေးရွာကို စစ်အုပ်စုက ဇန်နဝါရီလအတွင်းက တစ်ကြိမ်၊ မတ်လ ၈ရက်မှာ တစ်ကြိမ် စီးနင်းလုယက် မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၁၃အိမ်လောက် မီးမလောင်ဘဲ ကျန်နေပြီး အဲ့ဒီ ပြာမကျသေးတဲ့ အိမ်တွေကို မတ်လ ၁၇ရက် မနေ့က ထပ်မံ မီးရှို့ဖျက်ဆီးနေတာ တွေ့ရတယ်လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။
“မြင်းခြံအနောက်ခြမ်းက အခု စစ်ကြောင်းထိုးမီးရှို့နေတဲ့ ရွာတွေကို အကြိမ်ကြိမ်မီးရှို့နေတာ။ အခု မီးရှို့နေတာတွေက အရင်တခါရှို့ထားတဲ့ ကျေးရွာတွေက ကျန်နေတဲ့ အိမ်တွေကို မီးထပ်ရှို့နေတာ။ ရွာလုံးကျွတ် ဘယ်အိမ်မှ မကျန်အောင် ရှို့မယ်ထင်ပါတယ်။ စစ်ကြောင်းက ဒီနေ့ထိမငြိမ်သေးဘူး။ မနေ့က မီးရှို့ခဲ့တဲ့ ရွာတွေနားမှာပဲ ဆက်ရှိနေသေးတယ်”

သင်္ဘောတင်၊ ပတ္တာ၊ တောင်ကျွန်း၊ နယ်ခြား၊ တဲကုန်း၊ ကမ်းပါးနီ စတဲ့ ကျေးရွာ ၁၃ရွာကို စစ်အုပ်စုက ၁၀ရက်အတွင်း မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပြီး မီးလောင်ပြာကျတဲ့ အိမ်ခြေ ထောင်ချီတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် စစ်အုပ်စုက ရွာမီးရှို့ရာမှာ ထွက်မပြေးနိုင်တဲ့ အဖိုးအဖွားတွေကိုပါ မီးရှို့သတ်ဖြတ်ခဲ့ပြီး တောင်ကျွန်းရွာကို မီးရှို့ချိန် အသက် ၈၀ ဝန်းကျင် အဖွားအို နှစ်ဦးကို နေအိမ်ထဲထည့် မီးရှို့ခဲ့သလို နယ်ခြားရွာကို မီးရှို့ချိန် စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသား တစ်ဦးနဲ့ သင်္ဘောတင်ရွာက ငါးတန်းကျောင်းသူ တစ်ဦးတို့ကိုလည်း သတ်ဖြတ်ခဲ့ပါတယ်။
တချိန်တည်းမှာပဲ စစ်အုပ်စုက တွေ့သမျှပြည်သူကို ဖမ်းဆီးကာ ဓားစာခံလူသားဒိုင်း အဖြစ် အသုံးချသလို ခိုးရာပါပစ္စည်းတွေ သယ်ယူခိုင်းနေပြီး မတ် ၁၆ ရက်က နယ်ခြားရွာနဲ့ တဲကုန်းရွာ မီးရှို့ခံရပြီးချိန် စ်စအုပ်စု ပြန်ထွက်သွားပြီအထင်နဲ့ ရွာထဲဝင်ကြည့်တဲ့ အမျိုးသား ရှစ်ဦး ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စုရန်ကြောင့် မြင်းခြံနယ် အနောက်ခြမ်း၊ ကျေးရွာ ၂၀ ကျော်က သောင်းနဲ့ချီတဲ့ ဒေသခံ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရပြီး ဧရာဝတီမြစ် သဲသောင်ခုံတွေနဲ့ တောတိုက်တွေမှာ ဖြစ်သလို ခိုလှုံနေထိုင်ကြရကာ စားနပ်ရိက္ခာ၊ ဆေးဝါး၊ အမိုးအကာ စတဲ့ အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်ပြည်သူတွေကို ကူညီပေးနေသူတွေက ပြောပါတယ်။



မြင်းခြံနယ် သင်္ဘောတင်ကျေးရွာကို မတ်လ ၈ရက်မှာ အာဏာသိမ်း စစ်အုပ်စုက စီးနင်းလုယက် မီးရှို့ဖျက်ဆီးနေမှုနဲ့ စစ်အုပ်စု ရန်ကြောင့် စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေ/Photo – ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #မန္တလေး #မြင်းခြံ #သင်္ဘောတင်ရွာ



