စစ်ကိုင်းသတင်း

တမူးမြို့မှာ စစ်အုပ်စုက လူ ၅၀ ကို ယူနီဖောင်းနဲ့ လက်နက်ပေးကာ မြို့လုံခြုံရေးအဖွဲ့ဖွဲ့၊

ရန်ကုန်၊ မန္တလေးလို မြို့တွေမှာ လွန်ခဲ့တဲ့ နှစ်ကတည်းက ဖွဲ့ထားပြီး နယ်မြို့တွေမှာပါ ထပ်တိုးဖွဲ့နေ၊

ရွှေဥ/MFP၊ မတ် – ၁၈

စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ အာဏာသိမ်း စစ်အုပ်စုက လူ ၅၀ ကို လက်နက်နဲ့ ယူနီဖောင်းပေးကာ မြို့လုံခြုံရေးအဖွဲ့လို့ နာမည်ပေးထားတဲ့ အပြာယူနီဖောင်းဝတ် ခိုင်းဖတ်အဖွဲ့ ဖွဲ့စည်းနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

မတ်လ ၁၈ ရက် ဒီနေ့မှာ တမူးမြို့၊ မြို့မရပ်ကွက် အထွေထွေ အုပ်ချုပ်ရေးရုံးမှာ စစ်အုပ်စုက သူတို့ စုဆောင်းထားတဲ့ လူ ၅၀ ကို ခေါ်ပြီး ယူနီဖောင်း၊ ငွေနဲ့ လက်နက်ပေးကာ မြို့လုံခြုံရေးအဖွဲ့ အမည်ခံ အပြာယူနီဖောင်းဝတ် အုပ်ကြီး ခိုင်းဖတ်အဖွဲ့ ဖွဲ့စည်းတာ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ပျူစောထီးတွေ အများစု ပါဝင်တယ်ဗျ၊ တချို့ကတော့ ပေါ်တာ ဆွဲတာတွေ ပါမယ်။ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့ (မြို့ပေါ်လုံခြုံရေး) ဆိုပြီး ဖွဲ့တာဗျ၊ အဓိက တော့ တော်လှန်ရေး အင်းအားစုတွေ တိုက်ခိုက်ဖို့အတွက် ဖွဲ့ တာလို့ သိရတယ်”

တမူးမြို့ကို ကြီးစိုးအုပ်စီးနေတဲ့ စစ်အုပ်စု ဗိုလ်မှူးအဆင့် မျိုးမင်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအဆင့် ကျော်သူနဲ့ တမူးမြို့နယ် အုပ်ချုပ်ရေးမှူး၊ ထွေအုပ် လက်ထောက်ညွှန်ကြားရေးမှူးအဆင့် အောင်ကျော်မိုး ဆိုသူတို့က ဦးစီးကာ အဲ့ဒီအဖွဲ့ကို ဖွဲ့စည်းတာ ဖြစ်ပြီး ယူနီဖောင်းပေးတာ၊ ငွေနဲ့ လက်နက်ပေးတာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီ တမူးမြို့လုံခြုံရေးအဖွဲ့ အမည်ခံ ခိုင်းဖတ်အဖွဲ့ထဲ ပါဝင်သူ အများစုဟာ တမူးမြို့မှာ နေထိုင်တဲ့ ပျူစောထီး နောက်လိုက်တွေ ဖြစ်ပြီး စစ်အုပ်စုက တမူးမြို့ထဲနဲ့ ဒေသတွင်း လမ်းပေါ်တက် ငွေညှစ်ရာမှာ နေ့စားခပေးပြီး အင်အားပြ ခေါ်ယူအသုံးပြုနေသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

“သူတို့က အရင်ကတည်းက လက်နက်ကိုင်တဲ့သူတွေဗျ၊ အခုမှ ယူနီဖောင်းပေးလာတာ၊ တချို့ကတော့ မြို့ထဲ ထားပြီး တစ်ချို့ကတော့ ရှေ့တန်းပို့ဖို့ ဖြစ်နိုင်တယ်ဗျ၊ ပန်းသာ(ရွာ)မှာလည်း အဲ့လို လုပ်တာတွေ ရှိတယ်။ ပျူတွေကို ပို့တာ ” လို့ ဒေသခံ တော်လှန်ရေးရဲဘော်တစ်ဦးက MFP ကို ပြောပါတယ်။

ရပ်ရွာလုံခြုံရေးအဖွဲ့လို့ ခေါ်တဲ့ အပြာယူနီဖောင်းဝတ် အဖွဲ့တွေကို ရန်ကုန်၊ မန္တလေး စတဲ့ စစ်အုပ်စု ကြီးစိုးရာ မြို့တွေမှာ ၂၀၂၄ နှစ်ကုန်ပိုင်းကတည်းက စတင် ဖွဲ့စည်းထားတာ ဖြစ်ပြီး စစ်မှုထမ်းဟောင်းတွေ၊ ပျူစောထီးနောက်လိုက်တွေ၊ ရပ်ရွာထဲရှိ လောင်းကစားဝိုင်းနဲ့ မူးယစ်ဆေးအရောင်းအဝယ်လုပ်ငန်းတွေမှာ ဂိတ်စောင့်နေသူတွေ စတဲ့ လူတွေကို စစ်အုပ်စုက စုစည်းကာ အဖွဲ့တွေ ပြန်ဖွဲ့ပေးတာလို့ ရန်ကုန်နဲ့ မန္တလေးမှာ နေထိုင်သူတွေက ပြောပါတယ်။

ရန်ကုန်နဲ့ မန္တလေးလို မြို့တွေမှာတော့ အဲ့ဒီ အပြာယူနီဖောင်းဝတ် အဖွဲ့တွေကို စစ်အုပ်စုက လက်နက်မပေးဘဲ မီးသတ်တွေနဲ့ တတန်းတည်းထားကာ ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးတွေရဲ့ အခိုင်းအစေ သဘောမျိုး သတ်မှတ်ထားပြီး အုပ်စုဖွဲ့ လမ်းပေါ်တက် ငွေညှစ်ချိန်၊ ဧည့်စာရင်းစစ် ပေါ်တာဆွဲချိန်နဲ့ ရပ်ကွက်ရုံး ဂိတ်အစောင့်တွေအဖြစ် အသုံးချတယ်လို့လည်း ဆိုပါတယ်။

တမူးမြို့နယ်မှာတော့ စစ်အုပ်စုက ရှမ်းနီတပ် – SNA အဖွဲ့ဝင်နဲ့ အိန္ဒိယနိုင်ငံသား ကသည်းတွေကို လက်နက်တပ်ဆင်ပေးတာတွေ ရှိပြီး အုပ်စုဖွဲ့ လမ်းပေါ်တက် ငွေညှစ်တာ၊ ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းရာ နေရာတွေမှာ အင်အားပြ အသုံးချနေတယ်လို့ တမူးနယ်ခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ အာဏာသိမ်း စစ်အုပ်စုက အသစ်ဖွဲ့လိုက်တဲ့ ရပ်ရွာလုံခြုံရေးအဖွဲ့ အမည်ခံ အပြာရောင် ယူနီဖောင်းဝတ်အဖွဲ့/Photo – CJ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #တမူး #အပြာယူနီဖောင်းဝတ်

Related Articles

Back to top button