
စစ်အုပ်စုက ဆက်လက် ဗုံးပတ်ကြဲနေလို့ ရွှေမျောလုပ်သူနဲ့ စစ်ဘေးရှောင်တချို့ ထပ်မံထွက်ပြေးရ၊
ကိုသူ /MFP၊ မတ် – ၁၉
စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်အတွင်းရှိ ရွှေတူးဖော်တဲ့ ရွှေမျောဖောင်တွေကို အာဏာသိမ်း စစ်အုပ်စုက မတ်လ ၁၅ရက် မွန်းလွဲပိုင်း တိုက်လေယာဉ်တွေနဲ့ ဗုံးပတ်ကြဲ သတ်ဖြတ်ရာ သေဆုံးသူ ၁၃ဦးအထိ ရှိလာပြီး အလောင်ရှာမရဘဲ ပျောက်ဆုံးနေသူ တွေလည်း ရှိတယ်လို့ ဒေသခံ သတင်း ရင်းမြစ်တွေက MFP ကို ပြောပါတယ်။
မတ်လ ၁၅ ရက် မွန်းလွဲ ၃နာရီကျော်အချိန်က သဖန်းဆိပ်ဆည်အတွင်းရှိ ရွှေမျောလုပ်ငန်းတွေကို ဟုမ္မလင်းမြို့ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ တိုက်လေယာဉ် နှစ်စီးနဲ့ စစ်အုပ်စုက ဗုံးပတ်ကြဲခဲ့သလို ရော့ကတ်တွေ၊ စက်သေနတ်တွေနဲ့ တရစပ် ပစ်ခတ်သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီ တိုက်ခိုက်သတ်ဖြတ်မှုကြောင့် ရွှေမျောမောင်းသူ သုံးဦး သေဆုံးကာ ဒဏ်ရာအပြင်းအထန် ရရှိသူ ၁၈ ဦးအထိ ရှိခဲ့ပြီး လုံလောက်တဲ့ ဆေးဝါးကုသခွင့် မရတာကြောင့် ဒဏ်ရာရသူတွေထဲက ၁၀ ဦး ထပ်မံ သေဆုံးပြီး အလောင်းရတဲ့ သေဆုံးသူ စုစုပေါင်း ၁၃ဦးအထိ ရှိလာတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ရွှေမျောတွေနဲ့အတူ ရေထဲလွင့်စင် ပျောက်ဆုံးနေသူတွေလည်း အများအပြား ရှိပြီး အလောင်း ရှာမရဘဲ ပုပ်ပြီးပေါ်လာဖို့ မျှော်လင့်နေကြရတယ်လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။
” ၁၃ ယောက် သေတယ်လို့ သိရတယ်။ အများအပြား ပျောက်ဆုံးနေတယ်လို့ သိရတယ်။ ဖောင်တွေကလည်း အတန်းလိုက် တန်းစီ ပစ်ခံရတာတော့ တော်တော်တော့ ထိတယ် သိရတယ်”
သေဆုံးသူ၊ ပျောက်ဆုံးသူနဲ့ ဒဏ်ရာရသူတွေဟာ ရွှေမျောဖောင်လုပ်သားနဲ့ ဒေသခံ စစ်ဘေးရှောင် ပြည်သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။


စစ်အုပ်စုက တိုက်လေယာဉ်နှစ်စီးနဲ့ ဗုံးပတ်ကြဲ ပစ်ခတ်လို့ ရွှေမျောဖောင် ၁၃ ဖောင် ပျက်စီးသလို သေဆုံး၊ ဒဏ်ရာရသူတွေအပြင် အလောင်းရှာမရသူတွေလည်း ရှိတယ်လို့ ဒေသတွင်း သတင်းတွေ ဖော်ပြနေတဲ့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဖော်ပြပါတယ်။
“ဖိုက်တာတက်တာလည်း မကြားရဘူး၊ ဖောင်မောင်းတဲ့ အချိန်ကျ သိဖို့လည်း မလွယ်ဘူးလေ။ …။ မကြောက်လို့ မောင်းနေကြတာ မဟုတ်ဘူး၊ မိသားစုစားဝတ်နေရေးနဲ့ ရှင်သန်ရပ်တည်နိုင်ရေးအတွက် အသက်စွန့် လုပ်ကြရတာ၊ မစားဘဲ နေမှမနေနိုင်ဘဲ။ ဘယ်နေရာနေနေ စားဝတ်နေရေးအတွက် ရုန်းကန်ရတာပဲ၊ မြို့ပေါ်ကျ ပေါ်တာဆွဲတယ် မနေရဲဘူး၊ ရန်ကုန်၊မန္တလေး ဆင်းဖို့ကျလည်း လမ်းကြော ပေါ်တာဆွဲခံရမှာ ကြောက်ရနဲ့ မသွားရဲလို့ အဆင်ပြေသလို ရွှေတောဆင်း နေ့စားလိုက်ရတဲ့ လူငယ်တွေချည်းပဲ။ အခုအသက်ဆုံးတာလည်း လူငယ်တွေချည်းပဲ” လို့ လေကြောင်းပစ်ခတ်ခံရမှု မြင်တွေ့ခဲ့သူ တစ်ဦးက ပြောကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဖော်ပြပါတယ်။

လေကြောင်းဗုံးကြဲခံရချိန် ထိမှန်သူနဲ့ ဒဏ်ရာရသူတွေကို သုံးဘီး၊ ဆိုင်ကယ်တွေနဲ့ သယ်ထုတ် ကြပေမယ့် လုံလောက်တဲ့ ဆေးကုသခွင့်မရလို့ ဆုံးပါးကြရတာလို့ ဆိုပါတယ်။
“လေယာဥ်ပစ်လို့ပြီးတော့ ထိခိုက်တဲ့သူတွေကို နိုင်ရာဆိုင်ကယ်တွေ၊ သုံးဘီးတွေနဲ့ သယ်ကြပြီး ဆေးရုံဆေးခန်း ပြေးကြတဲ့ မြင်ကွင်း၊ ငိုတဲ့သူငို သတိမေ့တဲ့သူမေ့ သြော် ရင်နာစရာအတိပါပဲ” လို့ စစ်ဘေးရှောင်တစ်ဦးက ပြောကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများ အဖွဲ့က ဖော်ပြပါတယ်။

စစ်အုပ်စုဟာ မတ်လ ၁၈ ရက် မနေ့က မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာလည်း အဲ့ဒီ သဖန်းဆိပ်ဆည် အတွင်းရှိ ရွှေမျောဖောင်တွေကို မန္တလေးမြို့ တံတားဦးက တက်လာတဲ့ တိုက်လေယာဉ်တွေနဲ့ ထပ်မံ ဗုံးကြဲခဲ့ပြီး လူတွေဝေးတဲ့ နေရာကို ကျရောက် ပေါက်ကွဲတာကြောင့် ထိခိုက်သေဆုံးမှု မရှိဘူးလို့ ကန့်ဘလူခရိုင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ – ပအဖ တာဝန်ရှိတစ်ဦးက MFP ကို ပြောပါတယ်။
“(မတ်လ၁၈ရက် မနက်ပိုင်းနဲ့ ညနေပိုင်း ဗုံးကြဲမှု) ပျက်စီးဆုံးရှုံးမှုတွေကတော့ မရှိဘူးဗျ၊ လူတွေ နေတဲ့နေရာနဲ့ ပေ ၂၀၀၊ ၃၀၀ လောက် ကျတာဆိုတော့ ရေထဲကျပြီး အထိအခိုက် မရှိတာပါ”

စစ်အုပ်စုက ပစ်မှတ်ထား ဗုံးကြဲနေတဲ့ နေရာတွေဟာ သဖန်းဆိပ်ဆည်အတွင်းရှိ ရွှေမျောလုပ်ငန်း လုပ်ကိုင်တဲ့ နေရာဖြစ်သလို ကန့်ဘလူ၊ ကျွန်းလှနဲ့ ကောလင်း သုံးမြို့နယ်အစပ်မှာ တည်ရှိပြီး အဲ့ဒီ သုံးမြို့နယ်က စစ်ဘေးရှောင်ပြည်သူတွေ ခိုလှုံရာ နေရာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်အုပ်စုက ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်နေတာကြောင့် လွန်ခဲ့တဲ့ လေးနှစ်ကျော်ကတည်းက စစ်ဘေးရှောင် ထွက်ပြေးလာကာ သဖန်းဆိပ်ဆည်အနီး ရွှေ့ပြောင်းနေထိုင်ကြတဲ့ ကျွန်းလှမြို့ပေါ် ရပ်ကွက် လေးခု အပါအဝင် ကျွန်းလှနယ် ကျေးရွာအုပ်စု လေးအုပ်စုက ဒေသခံ ၂၀,၀၀၀ ဝန်းကျင် တောတောင် အတွင်း ထပ်မံ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကန့်ဘလူခရိုင် ပအဖ တာဝန်ရှိသူက ပြောပါတယ်။
“ကျွန်တော်တို့က သုံးမြေဆုံလို့ ဖြစ်တာပေါ့ဗျာ။ သုံးမြေဆုံ ဆိုတာကတော့ ကန့်ဘလူ၊ ကောလင်း၊ ကျွန်းလှပေါ့၊ အဲတော့ သုံးမြေဆုံ၊ သုံးမြို့နယ်ဆုံတဲ့ နေရာလို ဖြစ်တဲ့အခါကျတော့ စစ်ရှောင်နေရာတွေ များပါတယ်။ စစ်ရှောင်နေရာကတော့ ကျွန်တော်တို့ မြို့နယ် (ကျွန်းလှ) တစ်မြို့နယ်တည်းတင် မဟုတ်ဘဲနဲ့ အုပ်စု လေးအုပ်စုပေါ့နော်၊ မြို့ပေါ်ရပ်ကွက်က လေးရပ်ကွက်၊ တကယ်တမ်းကျတော့ အဲဒီ လေးရပ်ကွက် ပါတယ်၊ နောက် အုပ်စုကြီးကတော့ လေးအုပ်စုပေါ့။ လူဦးရေ အရေအတွက်နဲ့ ဆိုရင်တော့ ကျွန်တော်တို့ ၁၅,၀၀၀၊ ၂၀,၀၀၀ ပေါ့ဗျာ၊ ၂၀,၀၀၀ ဝန်းကျင်လောက်တော့ ရှိပါတယ်ဗျ”

အာဏာသိမ်း စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလကုန်ပိုင်းက လေဆိပ်ရှိတဲ့ ဟုမ္မလင်းမြို့ကို ဂျိုင်အိုကော်ပတာ – Gyrocopter အပါအဝင် လေကြောင်းလက်နက်တချို့ အင်အားဖြည့်ပြီးနောက် စစ်ကိုင်း အထက်ပိုင်းရှိ စစ်အုပ်စု မြေပြင်ခြေမချနိုင်တဲ့ မြို့၊ရွာတွေကို ဗုံးပတ်ကြဲနေတာ ဖြစ်ပါတယ်။
ကျွန်းလှမြို့နယ် အပါအဝင် မော်လိုက်၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မင်းကင်း စတဲ့ မြို့နယ်တွေရှိ ရွှေမျောလုပ်ငန်းတွေကို အာဏာသိမ်း စစ်အုပ်စုက ပစ်မှတ်ထား ဗုံးကြဲတာဟာ တော်လှန်ရေး အင်အားစုတွေရဲ့ ဘဏ္ဏာရေး လမ်းကြောင်းကို ဖြတ်တောက်ဖို့ ကြိုးစားတာမျိုး ဖြစ်မယ်လို့ တော်လှန်ရေး အင်အားစုတွေက သုံးသပ်ပါတယ်။
“သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ ရှင်းပါတယ်၊ ဒီရွှေမျောတွေထဲမှာ သူတို့ လူတွေလည်း ရှိနေပြီ၊ ရှိနေတဲ့အတွက် ရွှေမျောအခွန်က ရတဲ့ ငွေနဲ့ စစ်လက်နက်ပစ္စည်း မထူထောင်နိုင်ဖို့ပဲလို့ ယူဆပါတယ်” လို့ တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။
နိုင်ငံတဝန်းမှာတော့ ပြီးခဲ့တဲ့ ၂၀၂၅ တစ်နှစ်တာအတွင်း စစ်အုပ်စုကလေကြောင်း ဗုံးကြဲ တိုက်ခိုက်လို့ အရပ်သားပြည်သူ ၂၃၂၀ ကျော် သေဆုံးကာ ၄၁၄၀ ကျော် ဒဏ်ရာရပြီး နေအိမ် ၃၅၇၀ ကျော်၊ ပညာရေးဆိုင်ရာ အဆောက်အအုံ ၁၀၀ ကျော်၊ ကျန်းမာရေး ဆိုင်ရာ အဆောက်အအုံ ၃၀ ကျော်နဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံ ၁၉၀ ပျက်စီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ – NUG က ထုတ်ပြန်ထားပါတယ်။

ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်ရှိ ရွှေမျောဖောင်တွေကို အာဏာသိမ်း စစ်အုပ်စုက မတ်လ ၁၅ရက်မှာ တိုက်လေယာဉ်နဲ့ ဗုံးပတ်ကြဲခဲ့စဉ်/Photo – Infinity Group၊ ကျွန်းလှတက်ကြွလှုပ်ရှားသူများ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #စစ်ကိုင်း #သဖန်းဆိပ်ဆည် #ရွှေမျောရွှေကျင်



