မန္တလေးသတင်း

ပေါ်တာဆွဲခံရမှု ရှောင်လွှဲဖို့ PDF ဟန်ဆောင်ကာ စစ်အုပ်စုထံ လက်နက်ချသူ များလာ၊

မန္တလေးမှာ စစ်အုပ်စုထံ လက်နက်ချသူ ၅၀၀ ကျော် အများစုက PDF အတုတွေ ဖြစ်နိုင်၊

လပခ ထံ လက်နက်ချသူ တစ်လကျော်အတွင်း ၆၅၀ ကျော် ရှိတယ်လို့ စစ်အုပ်စု ထုတ်ပြန်ထား၊

ရွှေဥ၊ ဒေါ်လာ/MFP၊ မတ် – ၁၉

မန္တလေးမြို့ပေါ် ရပ်ကွက်တွေ အပါအဝင် မန္တလေးတိုင်းအတွင်း ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းခံရမှုကနေ ရှောင်လွှဲနိုင်ဖို့အတွက် PDF အဖြစ် ဟန်ဆောင်ကာ အာဏာသိမ်း စစ်အုပ်စုထံ လက်နက်ချ အလင်းဝင်သူ များလာတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

မန္တလေးမြို့ပေါ် အပါအဝင် မတ္တရာ၊ စဉ့်ကူး၊ တံတားဦး စတဲ့ မန္တလေးတိုင်းအတွင်းရှိ ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းခံရမှုများတဲ့ မြို့၊ရွာတွေက လူငယ်တချို့ဟာ PDF အဖြစ် ဟန်ဆောင်ပြီး စစ်အုပ်စုထံ လက်နက်ချကာ ပေါ်တာဆွဲ၊ စစ်သားသစ် စုဆောင်းခံရမှုကနေ ကင်းလွတ်နိုင်ဖို့ ကြိုးစား နေကြတာလို့ မန္တလေးမြို့ပေါ် ရပ်ကွက်တစ်ခုမှာ နေထိုင်သူ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ပြောပါတယ်။

PDF အဖြစ် ဟန်ဆောင်ကာ လက်နက်ချမဲ့ လူငယ်တွေဟာ ရပ်ရွာထဲကနေ အချိန်အတော်ကြာ ခြေရာ ဖျောက်နေပြီးတော့ မိသားစုနဲ့တိုင်ပင်ကာ မောင်းပြန်သေနတ်ဖြစ်စေ၊ လက်လုပ်တူမီးဖြစ်စေ၊ တချို့ လူငယ်တွေက အဖွဲ့ဖွဲ့ကာ မိဘတွေကလည်း ရသလောက်ငွေ စုဆောင်းကာ လက်နက် ဝယ်ယူ ကြပြီးနောက် PDF အဖြစ် စစ်အုပ်စုထံ အလင်းဝင်ကြတာလို့ အထက်ပါ အမျိုးသားက ပြောပါတယ်။

တချို့ လူငယ်တွေက PDF အဖြစ် ဟန်ဆောင်အလင်းဝင်ဖို့ စတင် စီစဉ်ကတည်းက စစ်အုပ်စုနဲ့ ချိတ်ဆက်ထားပြီး လက်နက်ကိုလည်း အဲ့ဒီ စစ်အုပ်စုထံကပဲ ဝယ်ယူကာ အဲ့ဒီ စစ်အုပ်စုနဲ့ပဲ ချိတ်ဆက် ညှိနှိုင်းပြီး အလင်းဝင် လက်နက်ချနေကြတာလို့ ဆိုပါတယ်။

“အဓိကတော့ ပေါ်တာဆွဲ မခံရဖို့ လုပ်ကြတာ” လို့ အထက်ပါ အမျိုးသားက ရှင်းပြပါတယ်။

စစ်အုပ်စုက သူတို့ထံ လက်နက်ချတဲ့ PDF တွေကို ဆုငွေပေးပြီး ပေါ်တာမဆွဲဘဲ ချန်လှပ် ထားတာကြောင့် အဲ့ဒီလို PDF ဟန်ဆောင်ပြီး စစ်အုပ်စုထံ လက်နက်ချတဲ့နည်းဟာ ယခုလတွေအတွင်း မန္တလေးမှာ ရေပန်းစားနေတယ်လို့လည်း ဆိုပါတယ်။

အာဏာသိမ်း စစ်အုပ်စုက သူတို့ထံ ဘက်ပြောင်းလာသူတွေကို ဘက်ပြောင်းကြေး တစ်ယောက်ကို ကျပ်တစ်သိန်းနှုန်း ပေးအပ်ပြီး လက်နက်ပါရှိပါက ရိုင်ဖယ် (မောင်းပြန်) သေနတ်တစ်လက်ကို ကျပ်သိန်း ၅၀၊ လက်လုပ်သေနတ် ၁၀ သိန်း၊ RPG တစ်လက် ၇၅သိန်း၊ ဗုံးတစ်လုံး သုံးသိန်း၊ စကားပြောစက် တစ်လုံး နှစ်သိန်းနှုန်း ပေးအပ်တယ်လို့ စစ်လော်ဘီတွေက သတင်းဖြန့်ထားပါတယ်။

မတ်လ ၁၉ရက် ဒီကနေ့ မနက်ပိုင်း မန္တလေးမြို့ နန်းမြို့တွင်း အခြေပြု အာဏာသိမ်း စစ်အုပ်စုရဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် – လပခ ထံ PDF အမျိုးသား ၄၅၃ ဦးနဲ့ အမျိုးသမီး ၅၃ ဦး၊ စုစုပေါင်း ၅၀၆ ဦးဟာ သေနတ် ၇၈ လက်၊ ခဲယမ်းတွေနဲ့အတူ လက်နက်ချ ဘက်ပြောင်းလာလို့ ထောက်ပံ့ငွေ ပေးပြီး မိဘအုပ်ထိန်းသူထံ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။

အဲ့ဒီ စစ်အုပ်စုထံ လက်နက်ချတဲ့ PDF ၅၀၀ ကျော်အနက် အများစုဟာ PDF အတုတွေဖြစ်နိုင်ပြီး အထက်ပါ နည်းအတိုင်း ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းခံရတာကနေ ကင်းလွတ်နိုင်ဖို့အတွက် PDF ဟန်ဆောင်ကာ လက်နက်ချသူတွေ ဖြစ်မယ်လို့ မန္တလေးမြို့တချို့က သုံးသပ်ပါတယ်။

စစ်အုပ်စုက ထုတ်ပြန်တဲ့ စာရင်းအရ အထက်ပါ လက်နက်ချသူ PDF ၅၀၀ ကျော်အနက်  စဉ့်ကူးမြို့နယ်က အများဆုံးဖြစ်ပြီး အမျိုးသား ၂၁၉ဦးနဲ့ အမျိုးသမီး ၃၁ဦး၊ သပိတ်ကျင်းမြို့နယ်က အမျိုးသား ၆၇ဦးနဲ့ အမျိုးသမီး ခုနှစ်ဦး၊ မတ္တရာမြို့နယ်က အမျိုးသား ၅၈ဦးနဲ့ အမျိုးသမီး နှစ်ဦး၊ မန္တလေးမြို့ပေါ်ဖြစ်တဲ့ အောင်မြေသာစံမြို့နယ်က အမျိုးသား ၃၉ဦးနဲ့ အမျိုးသမီး ငါးဦး၊ ပြည်ကြီးတံခွန်မြို့နယ်က အမျိုးသား ခြောက်ဦး၊ အမရပူရမြို့နယ်က အမျိုးသား ရှစ်ဦးနဲ့ အမျိုးသမီး နှစ်ဦး၊ နွားထိုးကြီးမြို့နယ်က အမျိုးသား ကိုးဦး စသဖြင့် ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်အုပ်စုက မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းနယ်ရှိ စစ်ရှုံးနယ်မြေတွေကို ပြန်လည် သိမ်းယူပြီးနောက် ဒေသခံတွေကို PDF အဖြစ် ဖမ်းဆီးငွေညှစ်တာ၊ တချို့ကို သတ်ဖြတ်တာ၊ နေအိမ် ချိပ်ပိတ်မီးရှို့တာ၊ လူငယ်တွေကို ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းတာတွေ အရှိန်မြှင့် လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စဉ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်း စတဲ့ ဒေသတွေရှိ PDF တွေထဲက စစ်အုပ်စုထံ လက်နက်ချ ဘက်ပြောင်းသူ တချို့ ရှိပေမဲ့ စစ်အုပ်စု ထုတ်ပြန်သလောက် အရေအတွက် မများဘူးလို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

စစ်အုပ်စုထံ လက်နက်ချသူတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF ယူနီဖောင်းတွေ ဝတ်ဆင်ထားကြပေမယ့် အဲ့ဒီ ရဲဘော်တွေကို မမြင်မတွေ့ဖူးဘူးလို့ စဉ့်ကူး၊ သပိတ်ကျင်းနဲ့ မိုးကုတ်နယ်ထဲ စစ်အုပ်စုကို တိုက်ခိုက်နေတဲ့ တော်လှန်ရေး ရဲဘော်တွေက ပြောပါတယ်။

ဖေဖေါ်ဝါရီ ၁၃ရက်ကလည်း မန္တလေးမြို့ပေါ် ရပ်ကွက်တွေက လူ ၇၀ ကျော် အပါအဝင် မန္တလေးတိုင်းနဲ့ မကွေးတိုင်း အနှံ့အပြားက PDF ၁၅၀ ဦး လပခ ထံ လက်နက်ချ ဘက်ပြောင်းလာတယ်လို့ အာဏာသိမ်း စစ်အုပ်စုက အောင်ပွဲခံ သတင်းဖြန့်ခဲ့ပါတယ်။

စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်အရ လပခ ထံ လက်နက်ချ ဘက်ပြောင်းလာသူ တစ်လကျော်အတွင်း လူ ၆၅၀ ကျော် ရှိခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်အာဏာသိမ်းချိန်ကနေ ယခု ၂၀၂၆ အထိ ငါးနှစ်ကျော်အတွင်း စစ်အုပ်စုထံ လက်နက်ချ ဘက်ပြောင်းလာသူ အမျိုးသား ၁၉၀၀ ကျော်နဲ့ အမျိုးသမီး ၂၇၀၊ စုစုပေါင်း ၂၁၀၀ ကျော် ရှိတယ်လို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။

စစ်အုပ်စုဟာ ၂၀၂၄ မတ်လက စတင်ကာ နိုင်ငံတဝန်းရှိ လူငယ်လူရွယ်တွေကို ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းကာ ရက်တို စစ်သင်တန်းပေးပြီးနောက် တိုက်ပွဲဖြစ်တဲ့နေရာတွေဆီ ပို့လွှတ်ကာ အသေခံ စစ်သားအဖြစ် အသုံးချနေတာ ဖြစ်ပါတယ်။

လက်ရှိမှာလည်း စစ်အုပ်စုက မန္တလေးမြို့ပေါ် ရပ်ကွက်တွေထဲ လှည့်လည်ကာ နေ့ရောညပါ ပေါ်တာဆွဲနေပြီး ရပ်ကွက်တချို့မှာတော့ အိမ်ထောင်စုအလိုက် မဲနှိုက်ခိုင်းကာ လူငယ်လူရွယ်တွေကို စစ်သားသစ် စုဆောင်းနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းကနေ ဖေဖေါ်ဝါရီ ၁၀ရက်အထိ တစ်လကျော်အတွင်း မန္တလေးမြို့ပေါ် ရပ်ကွက်တွေမှာ စစ်အုပ်စုရဲ့ ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး အသေခံ စစ်သားသစ်အဖြစ် စုဆောင်းခံရသူ ၃၈ ဦးအထိ ရှိတယ်လို့ မန္တလေးမြေပြင် ကင်းထောက်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Voice Of Mandalay – VoMdy က ဖော်ပြထားပါတယ်။

မတ်လ ၁၉ရက်မှာ မန္တလေးတိုင်းနဲ့ မကွေးတိုင်းက PDF ၅၀၀ ကျော် လက်နက်ချကြောင်း စစ်အုပ်စုက အောင်ပွဲခံ သတင်းဖြန့်စဉ်/Photo – စစ်အုပ်စု

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မန္တလေး #မကွေး

Related Articles

Back to top button