စစ်ကိုင်းသတင်း

ကနီနယ် ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေကို စစ်အုပ်စုက တိုက်လေယာဉ် ရှစ်စီးနဲ့ တပြိုင်တည်း တရစပ် ဗုံးကြဲ၊

သံဃာ အလောင်းနဲ့ ဒဏ်ရာရသူတချို့ တွေ့ရပြီး သေဆုံး၊ ဒဏ်ရာရသူ စာရင်းအတည်မပြုနိုင်သေး၊

သုထက်/MFP၊ မတ် – ၂၁

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ဆူးလေကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းနဲ့ စာသင်ကျောင်းတွေကို အာဏာသိမ်း စစ်အုပ်စုက မတ်လ ၂၁ရက် ဒီကနေ့ မနက်ပိုင်း တိုက်လေယာဉ် ရှစ်စီးနဲ့ တချိန်တည်း၊ တပြိုင်တည်း တရစပ် ဗုံးကြဲတာကြောင့် ထိခိုက်၊ ပျက်စီးမှု များတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

မန္တလေးမြို့ တံတားဦးက တက်လာတဲ့ တိုက်လေယာဉ် လေးစီး၊  မိတ္ထီလာမြို့ ရှမ်းတဲ လေတပ်က တက်လာတဲ့ တိုက်လေယာဉ် နှစ်စီး၊ မကွေးမြို့က တက်လာတဲ့ တိုက်လေယာဉ် နှစ်စီး၊ စုစုပေါင်း ရှစ်စီးနဲ့ တရစပ် ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။

“မိနစ်စက္ကန့်ပဲခြားတာ၊ ဖိုက်တာ ရှစ်စီးနဲ့ ပတ်ကြဲတယ်။ စက်သေနတ် မပါဘူး။ အဓိက ပေါင် ၂၀၀ ဗုံးတွေ ကြဲတာ” လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

မတ်လ ၂၁ရက် ဒီကနေ့ မွန်းလွဲ ၁၂နာရီဝန်းကျင်မှာ နာရီဝက်ကျော်ကြာ တိုက်လေယာဉ်တွေနဲ့ ဗုံးပတ်ကြဲခဲ့တာ ဖြစ်ပြီး ကျောင်းဆောင်တချို့ မြေပေါ် ပြားပြားဝပ် ပြိုကျ ပျက်စီးသလို ကိုယ်ခန္ဓာ အပိုင်းပိုင်းဖြစ်နေတဲ့ သံဃာတော်ရဲ့ ရုပ်အလောင်းနဲ့ ဒဏ်ရာအပြင်းအထန် ရရှိထားသူတွေ တွေ့ရတယ်လို့ ဆိုပါတယ်။

“လောလောဆယ် ဘုန်းကြီးတစ်ပါး၊ လူနှစ်ယောက် ထိထားတယ်။ အထိအခိုက် များတယ်လို့ ပြောပေမဲ့ အတည် မပြုနိုင်သေး” လို့ ဒေသခံက MFP ကို ပြောပါတယ်။

အဲ့ဒီ ဆူးလေကုန်းရွာ အပါအဝင် ကနီနယ်ထဲ တိုက်ပွဲမရှိဘဲ စစ်အုပ်စုက အကြောင်းမဲ့ လာရောက် ဗုံးကြဲတာလို့ ဆိုပါတယ်။

စစ်အုပ်စုဟာ ကနီနယ် အပါအဝင် စစ်ကိုင်းတိုင်းထဲ မြေပြင်စစ်ကြောင်း ခြေမချနိုင်တဲ့ မြို့၊ရွာတွေကို ထင်တိုင်းကျဲ ဗုံးကြဲသတ်ဖြတ်နေတာ ဖြစ်ပါတယ်။

မတ်လ ၂၀ရက် မနေ့ကလည်း စစ်ကိုင်းတိုင်း ကသာမြို့ပေါ် တိုက်ပွဲဖြစ်ချိန် စစ်အုပ်စုက စစ်ရှောင်တွေ နေထိုင်တဲ့ မဟာလေးထပ် ဘုန်းတော်ကြီးကျောင်းကို တိုက်လေယာဉ် ငါးစီးနဲ့ ဗုံးကြဲခဲ့ရာ ရဟန်း၊ သံဃာတွေ အပါအဝင် ဒေသဆုံးသူ ၈၀ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၂၀ ဝန်းကျင် ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ တစ်နှစ်တာအတွင်း စစ်အုပ်စုက နိုင်င့တဝန်း လေကြောင်း ဗုံးကြဲ တိုက်ခိုက်လို့ အရပ်သားပြည်သူ ၂၃၂၀ ကျော် သေဆုံးကာ ၄၁၄၀ ကျော် ဒဏ်ရာရပြီး နေအိမ် ၃၅၇၀ ကျော်၊ ပညာရေးဆိုင်ရာ အဆောက်အအုံ ၁၀၀ ကျော်၊ ကျန်းမာရေး ဆိုင်ရာ အဆောက်အအုံ ၃၀ ကျော်နဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံ ၁၉၀ ပျက်စီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ – NUG က ထုတ်ပြန်ထားပါတယ်။

ကနီနယ် ဘုန်းတော်ကြီးကျောင်းနဲ့ စာသင်ကျောင်းကို စစ်အုပ်စုက တိုက်လေယာဉ် ရှစ်စီးနဲ့ ဗုံးပတ်ကြဲလို့ ထိခိုက်ပျက်စီးမှုတွေကို တွေ့ရစဉ်/Photo – ဒေသခံ – ပေးပို့

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #ကနီနယ် #ဘုန်းကြီးကျောင်းဗုံးကြဲ

Related Articles

Back to top button