စစ်ကိုင်းသတင်း

မြောင်နယ်ကို စစ်အုပ်စု ဆက်လက် ဗုံးပတ်ကြဲ၊ ပြည်သူ ငါးဦး သေဆုံးကာ ဒဏ်ရာရသူ များပြီး အိုးအိမ်တွေ မီးလောင်နေ၊

နဘက်ရွာကို ဗုံးကြဲပြီး သုံးရက်အကြာ ရွာနီးချင်း သောင်ကြီးရွာကို ဗုံးကြဲသတ်ဖြတ်တာဖြစ်၊

MN/MFP ၊ မတ် – ၂၃

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်၊ သောင်ကြီးကျေးရွာကို ဒီကနေ့ မွန်းလွဲပိုင်း အာဏာသိမ်း စစ်အုပ်စုက ဂျက်ဖိုက်တာ တိုက်လေယာဉ်နဲ့ ဗုံးကြဲလို့ ဒေသခံ ပြည်သူ အနည်းဆုံး ငါးဦး သေဆုံးကာ ဒဏ်ရာရသူ ၁၀ ကျော် ရှိပြီး အိုးအိမ်တွေလည်း မီးလောင်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

မတ် ၂၃ ရက် ဒီကနေ့ မွန်းလွဲပိုင်း ၁၂ နာရီကျော်မှာ မြောင်မြို့နယ် အနောက်ခြမ်းရှိ သောင်ကြီးရွာကို တိုက်ပွဲ မရှိဘဲ စစ်အုပ်စုက မန္တလေးမြို့ တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ တစ်စင်းနဲ့ ဗုံးလေးကြိမ် ကြဲချခဲ့လို့ ဆိုပါတယ်။

ဗုံးတွေဟာ ရွာထဲက နေအိမ်တွေပေါ် ကျရောက်ပေါက်ကွဲပြီး အိုးအိမ် အများအပြား မီးလောင် နေသလို ရွာခံပြည်သူ ငါးဦး မီးလောင်သေဆုံးပြီး ဒဏ်ရာရသူလည်း ၁၀ ဦးကျော် ရှိတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

သေဆုံးသူတွေဟာ နေအိမ်တွေနဲ့အတူ မီးလောင်သွားတာကြောင့် ကျား၊ မ၊ အသက်အရွယ်၊ မည်သူမည်ဝါ ခွဲခြားလို့မရဘဲ မီးလောင်တဲ့ နေအိမ်တွေလည်း မီးမငြိမ်းသေးဘူးလို့ ဒေသခံ သတင်း ရင်းမြစ်က ပြောပါတယ်။

“ဗုံးက လေးလုံးချသွားတာ။ အိမ်တွေပေါ် ကျပြီးတော့ မီးတွေ လောင်တယ်။ သေဆုံးတဲ့သူ လေးဦးကလည်း မီးလောင်သွားတာဆိုတော့ ကျား၊ မ နဲ့ အသက်အရွယ်တွေ မကွဲတော့ဘူး ဖြစ်သွားတာ။ နောက်ထပ် ဗိုက်ပွင့်သွားတဲ့ အမျိုးသားတစ်ဦးလည်း ဆေးရုံသွားရင်းနဲ့ လမ်းမှာ ဆုံးသွားတယ်။ ဒေသခံတွေကလည်း ရှောင်တိမ်းနေကြတာဆိုတော့ သေတဲ့သူတွေက ဘယ်သူတွေ ဆိုတာ ခွဲခြားမရဘူး ဖြစ်နေတာ။ အိမ်တွေကလည်း အတော်များများ မီးလောင်သွားတယ်။ နောက်ထပ် သေဆုံးသူတွေ ထပ်ရှိနိုင်သေးတယ်။ အိမ်တွေကလည်း မီးလောင်နေတုန်းဆိုတော့”

သောင်ကြီးရွာဟာ အိမ်ခြေ ၅၀၀ ကျော်ရှိတဲ့ ရွာကြီးဖြစ်ပြီး ဗုံးထိမှန်၊ မီးလောင်ကာ သေဆုံးသူ ငါးဦးရဲ့ အလောင်းတွေ တွေ့ရှိထားပြီး ဒဏ်ရာရသူ ၁၀ ဦး ကျော် ရှိကာ အိမ်ခြေ ဆယ်နဲ့ချီ မီးလောင်နေဆဲ ဖြစ်တယ်လို့ ဒေသခံ သတင်းရင်းမြစ်က ဆက်ပြောပါတယ်။

“အိမ်တွေက မီးတွေက လောင်နေတုန်း၊ အခုထိ။ ဆက်ပြီးတော့ မီးငြှိမ်းနေကြတုန်း ရှိသေးတယ်”

ဗုံးထိမှန်လို့ လယ်ယာသုံး နွားတွေ အပါအဝင် အိမ်မွေး တိရိစ္ဆာန်တွေပါ မီးလောင်သေဆုံးတယ်လို့ ဆိုပါတယ်။

မုံရွာခရိုင်နဲ့ ထိစပ်နေတဲ့ မြောင်မြို့နယ်ထဲမှာ တိုက်ပွဲမရှိဘဲ စစ်အုပ်စုက ပါရာမော်တာ (Paramotor-စက်တပ်လေထီး)၊ ဂျိုင်ရိုကော်ပတာနဲ့ ဂျက်ဖိုက်တာလေယာဉ်တွေ သုံးကာ အရပ်သား ပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေပေါ် နေ့စဉ်ရက်ဆက် ဗုံးပတ်ကြဲနေတာ ဖြစ်ပါတယ်။

မတ် ၂၀ ရက်ကလည်း မြောင်နယ် နဘက်ကျေးရွာကို စစ်အုပ်စုက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲလို့ မွေးကင်းစ ကလေးငယ်(ကျား) တစ်ဦးနဲ့ လေဖြတ်နေတဲ့ အသက် ၇၀ ကျော်အရွယ် အဖွားတစ်ဦးတို့ သေဆုံးခဲ့ပါတယ်။

နဘက်ရွာဟာ သောင်ကြီးရွာရဲ့ တောင်ဘက်မှာ တည်ရှိတာ ဖြစ်ပြီး စစ်အုပ်စုက အဲ့ဒီ ရွာတွေကို မကြာခဏ ပစ်မှတ်ထား ဗုံးကြဲနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ တစ်နှစ်တာအတွင်း စစ်အုပ်စုက နိုင်ငံတဝန်း လေကြောင်း ဗုံးကြဲ တိုက်ခိုက်လို့ အရပ်သားပြည်သူ ၂၃၂၀ ကျော် သေဆုံးကာ ၄၁၄၀ ကျော် ဒဏ်ရာရပြီး နေအိမ် ၃၅၇၀ ကျော်၊ ပညာရေးဆိုင်ရာ အဆောက်အအုံ ၁၀၀ ကျော်၊ ကျန်းမာရေး ဆိုင်ရာ အဆောက်အအုံ ၃၀ ကျော်နဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံ ၁၉၀ ပျက်စီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ – NUG က ထုတ်ပြန်ထားပါတယ်။

မတ်လ ၂၃ရက် ဒီကနေ့ မွန်းလွဲပိုင်း မြောင်နယ် သောင်ကြီးရွာကို စစ်အုပ်စုက ဗုံးပတ်ကြဲလို့ နေအိမ်တွေ မီးလောင်ကာ ရွာခံပြည်သူတွေ ထိခိုက်သေဆုံးစဉ်/Photo – ပေးပို့

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မြောင် #နဘက်_သောင်ကြီးရွာ

Related Articles

Back to top button