မကွေးသတင်းအညာမြေ တော်လှန်ရေး

နတ်မောက်မြို့အဝင် စစ်အုပ်စု ငွေညှစ်ဂိတ်ကို တော်လှန်ရေးတပ်တွေ စီးနင်း၊

ဒေါ်လာ/MFP၊ မတ် – ၂၃

မကွေးတိုင်း၊ နတ်မောက်မြို့ မြောက်ဘက် နှစ်မိုင်ခန့်အကွာရှိ နဒီရွှေဝါမြို့ဝင်ဂိတ်ကို ဒီကနေ့ စီးနင်းခဲ့ရာ ကား၊ ဖုန်း၊ ကွန်ပျူတာနဲ့ ပြည်သူတွေထဲက အဓမ္မတောင်းယူထားတဲ့ ငွေတချို့ သိမ်းဆည်း ရရှိတယ်လို့ နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် – ပကဖ က သတင်း ထုတ်ပြန်ပါတယ်။

မတ်လ ၂၃ရက် ဒီကနေ့ မနက် ၁၁နာရီလောက်မှာ မကွေး – နတ်မောက် ကားလမ်းအတိုင်း အာဏာသိမ်း စစ်အုပ်စု လက်နက်ကိုင် အကောင်ကြီးကြီးတစ်ကောင် လာမယ်ဆိုတဲ့ သတင်းရတာကြောင့် တော်လှန်ရေးတပ်တွေက ကြားဖြတ် တိုက်ခိုက်ဖို့ စောင့်ဆိုင်းခဲ့ရာ စစ်အုပ်စုက လာလမ်းအတိုင်း ပြန်လှည့်ပြေးတာကြောင့် အနီးရှိ စစ်အုပ်စု ငွေညှစ်နေတဲ့ နဒီရွှေဝါမြို့ဝင်ဂိတ်ကို စီးနင်းခဲ့တာလို့ ဆိုပါတယ်။

နဒီရွှေဝါမြို့ဝင်ဂိတ်ဟာ စစ်အုပ်စုနဲ့ ပူးပေါင်းပြီး တော်လှန်ရေးအဖွဲ့တွေကို နှောင့်ယှက်တာ၊ ခရီးသွားပြည်သူကို ပေါ်တာဆွဲတာ၊ ငွေညှစ်တာတွေ လုပ်နေတဲ့ ဂိတ်ဖြစ်လို့ စီးနင်းခဲ့တာလို့ နတ်မောက် ပကဖ ဆိုပါတယ်။

နဒီရွှေဝါ မြို့အဝင်ဂိတ်ကို စီးနင်းမှုအတွင်း HUILIX SURF ကား တစ်စီး၊ ကွန်ပြူတာ နှစ်လုံး၊ ဖုန်း ရှစ်လုံးနဲ့ ငွေကျပ် ငါးသိန်းကျော် သိမ်းဆည်း ရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

အဲ့ဒီ စီးနင်းတိုက်ခိုက်မှုကို နတ်မောက်ပြည်သူ့ကာကွယ်ရေးတပ် – နတ်မောက် ပ.က.ဖ နဲ့ နတ်မောက် ငါးပြေမ ပျောက်ကြားတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းကလည်း နတ်မောက် – ပျော်ဘွယ် လမ်းဟောင်းမှာ နတ်မောက် ပကဖ ရဲဘော်တွေ လမ်းပိုင်းစစ်‌ဆေးရေး ပြုလုပ်နေချိန် စစ်အုပ်စု သုံးယောက် လိုက်ပါလာတဲ့ ဟိုင်းလပ် ကားတစ်စီးကို တားဆီးရာ မရပ်ပေးဘဲ ထွက်ပြေးလို့ ပစ်ခတ်ရာ အရာရှိအဆင့် အပါအဝင် စစ်အုပ်စု နှစ်ယောက် သေပြီး သေနတ်နှစ်လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်း ရရှိခဲ့ပါသေးတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မကွေး #နတ်မောက် #ပကဖ

Related Articles

Back to top button