မန္တလေးသတင်း

မန္တလေးမြို့မှာ စစ်အုပ်စု ရုံးတွေ ပိတ်ပေမဲ့ ရဲ၊ စည်ပင်နဲ့ ပျူစောထီးတွေရဲ့ ငွေညှစ်ဂိတ်တွေ မပိတ်၊

ဖိုးချို/MFP၊ မတ် – ၂၅

အာဏာသိမ်း စစ်အုပ်စုက စက်သုံးဆီ ချွေတာရေးအတွက်လို့ ဆိုကာ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ရုံးပိတ်ခိုင်းထားပေမဲ့ ရဲ၊ မော်တော်ပီကယ်၊ စည်ပင်၊ ပျူစောထီးနဲ့ မီးသတ် စတဲ့ အဖွဲ့တွေကတော့ လမ်းပေါ်တက်ကာ ပြည်သူကို တားဆီးစစ်ဆေး ငွေညှစ်တာတွေ ပုံမှန်အတိုင်း ဆက်လက် လုပ်ဆောင်နေကြတယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။

စစ်အုပ်စုက ဗုဒ္ဓဟူးနေ့ကို ရုံးပိတ်ရက်အဖြစ် ကြေညာထားပေမယ့် မန္တလေးမြို့ထဲမှာ မော်တော်ပီကယ်နဲ့ ပျူတွေ ဦးဆောင်ကာ လမ်းသွားလမ်းလာပြည်သူကို တားဆီးငွေညှစ်နေတာ ပုံမှန်အတိုင်းပဲ တွေ့ရတယ်လို့ ဆိုပါတယ်။

“ယာဉ်ထိန်းရဲ နဲ့ ပျုတွေက နားရက်မယူနိုင်ကြဘူး၊ ဒီကနေ ငွေရမှန်းသိနေတော့၊ ဒီနေ့မနက်ပိုင်း မြို့ထဲမှာ စစ်တာ သုံးဖွဲ့လောက် တွေ့တယ်၊ ပီကယ်ပါတဲ့ အဖွဲ့ ရှိတယ်၊ ပီကယ် မပါဘဲ ရဲချည်းစစ်တဲ့အဖွဲ့ တွေ့တယ်၊ ရဲ နှစ်ယောက်လောက်နဲ့ ပျုတွေနဲ့ ပေါင်းစစ်တာ တွေ့ခဲ့ရတယ်၊ စုံ၊မ ရော၊ ဆိုင်ကယ်တူး‌ဘောက် ဖွင့်စစ်တဲ့အဖွဲ့ရော၊ ဖုန်းစစ်တာရော ကြုံခဲ့ရတယ်” လို့ မြို့ခံတစ်ဦးက MFP ကို ပြောပါတယ်။

မန္တလေးမြို့အနှံ့မှာ ပြည်သူကို တားဆီးငွေညှစ်အဖွဲ့တွေ ၁၀ ဖွဲ့ထက်မနည်း ရှိနိုင်ပြီး ပုံမှန်ရက်တွေလိုပဲ ရဲ၊ ပျူစောထီး၊ မီးသတ်နဲ့ စည်ပင်တွေက အုပ်စုဖွဲ့ လက်နက်ကိုင်ကာ လမ်းသွားလမ်းလာတွေကို အကြောင်းအမျိုးမျိုးနဲ့ စစ်ဆေး ငွေညှစ်နေတာလို့ ဆိုပါတယ်။

စက်သုံးဆီသုံးစွဲမှု လျော့ချနိုင်ဖို့အတွက် ဒီကနေ့ မတ်လ ၂၅ရက်က စပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ရုံးမတက်ဘဲ အိမ်ကနေ အလုပ်လုပ်ကြဖို့ စစ်အုပ်စုက သူ့လက်အောက်ခံ ဝန်ထမ်းတွေကို ခိုင်းစေထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် စက်သုံးဆီ ချွေတာရေးအတွက်လို့ဆိုကာ စစ်အုပ်စုက ကား၊ ဆိုင်ကယ် စတဲ့ ယာဉ်တွေကို မတ်လ ၇ရက်က စတင်ကာ တစ်ရက်ခြား တစ်ခါ စီးနင်းကြဖို့ အမိန့်ထုတ်ထားပါတယ်။

စစ်အုပ်စုရဲ့ အဲ့ဒီ စုံ၊မခွဲပြီး ရက်ခြား စီးနင်းခိုင်းတာဟာ စက်သုံးဆီ ချွေတာရေးအတွက် ထိရောက်မှု ရှိ၊မရှိ မသိရပေမယ့် အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် မရှိတဲ့ မန္တလေးလို မြို့တွေအတွက် ပြည်သူတွေ ပိုမို ဒုက္ခရောက်ရပြီး သွားလာရေး စရိတ်စက ပိုမို ကုန်ကျသလို စစ်အုပ်စုအတွက် ငွေပိုမိုညှစ်ဖို့ အကြောင်းပြချက်ကောင်းတစ်ခု ဖြစ်လာတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

ဒါ့အပြင် လာမယ့် ဧပြီ ၁ ရက်စပြီး ကား၊ဆိုင်ကယ် စတဲ့ မော်တော်ယာဉ်တွေကို ငါးရက်တစ်ကြိမ်သာ ဆီထုတ်ပေးတော့မယ်လို့ စစ်အုပ်စုက သတင်းလွှင့်ထားပါတယ်။

မန္တလေးမှာ လမ်းသွားလမ်းလာတွေကို တားဆီးငွေညှစ်နေတဲ့ စစ်အုပ်စု/Photo – ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မန္တလေး #စစ်ကိုင်း #မကွေး

Related Articles

Back to top button