မုံရွာ ချောင်းဦးမှာ ရွာမီးရှို့နေတဲ့ စစ်အုပ်စုကို တိုက်ခိုက်၊ တစ်ယောက် ဖမ်းမိ၊

ဒေါ်လာ/MFP၊ မတ် – ၂၆
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ရှမ်းထူးကျေးရွာကို စီးနင်းကာ နေအိမ်တွေ ဖောက်ထွင်းပြီးနောက် မီးရှို့ဖျက်ဆီးနေတဲ့ အာဏာသိမ်း စစ်အုပ်စုကို တိုက်ခိုက်ရာ စစ်အုပ်စု ကိုးယောက် သေပြီး တစ်ယောက် ဖမ်းမိတယ်လို့ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ် တပ်ဦး – BLDF က သတင်း ထုတ်ပြန်ပါတယ်။
မတ်လ ၂၂ရက်က ချောင်းဦးနယ်၊ မုံရွာ – မန္တလေး ကားလမ်းအနီးရှိ အိမ်ခြေ ၅၀၀ ခန့်ရှိတဲ့ ရှမ်းထူးကျေးရွာကို စီးနင်းလုယက်၊ ဖောက်ထွင်းခိုးယူကာ အိမ်ခြေ ၁၅၀ ကျော် မီးရှို့ဖျက်ဆီးတဲ့ စစ်အုပ်စုကို ဒေသခံ တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“တိုက်ပွဲဖြစ်စဉ်အတွင်း ရန်သူ့ဘက်မှ ကိုးယောက်ခန့် သေဆုံး၊ သုံးယောက် ထိခိုက်ဒဏ်ရာရကာ အရှင် တစ်ယောက် ဖမ်းဆီးရမိခဲ့” လို့ BLDF စစ်ဒေသ ၃ – သလ္လာဝတီစစ်ကြောင်းက ထုတ်ပြန်ပါတယ်။
တိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုတွေဘက်က ရဲဘော်နှစ်ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီ တိုက်ခိုက်မှုကို BLDF (စစ်ဒေသ ၃)၊ မုံရွာခရိုင် ပကဖ (ရေနဂါးစစ်ကြောင်း)၊ ချောင်းဦးမြို့နယ် ပကဖ (CHU PDF) ၊ Special Force 11၊ နယ်စီးမခြား စစ်ကိုင်းသားအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဖမ်းမိတဲ့ စစ်အုပ်စု လက်နက်ကိုင် တစ်ယောက်ကို ချောင်းဦးမြို့နယ် ပကဖ ထံ လွှဲပြောင်း အပ်နှံခဲ့တယ်လို့လည်း တော်လှန်ရေးတပ်တွေက ထုတ်ပြန်ပါတယ်။

ရှမ်းထူးကျေးရွာကို စီးနင်းလုယက် မီးရှို့တဲ့ စစ်အုပ်စုဟာ မတ်လ ၂၀ရက်မှာ ချောင်းဦးမြို့ကနေ ထွက်လာတဲ့ အင်အား ၂၀၀ ခန့် ပါတဲ့ အဖွဲ့ဖြစ်ပြီး အဲ့ဒီနေ့ မနက်ပိုင်းကလည်း ကင်မွန်းတော်ရွာ ပျူစခန်းဘက် ဦးတည်တဲ့ စစ်အုပ်စုကို ဒေသခံ တော်လှန်ရေး ပူးပေါင်းတပ်တွေက မိုင်းဆွဲ တိုက်ခိုက်ခဲ့သေးတယ်လို့ BLDF က ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ စစ်အုပ်စုက ချောင်းဦးမြို့ပေါ်ကနေ လက်နက်ကြီးတွေ ရမ်းကားပစ်ခတ်နေလို့ ဒေသခံပြည်သူတွေ အနေနဲ့ လက်နက်ကြီးအန္တရာယ်နဲ့ လေကြောင်းအန္တရာယ်ကို သတိထားကြဖို့ တော်လှန်ရေးတပ်တွေက တိုက်တွန်းထားပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #စစ်ကိုင်း #ချောင်းဦး #BLDF



