မြင်းမူနယ်၊ မုံရွာ – မန္တလေးလမ်းပေါ် မိုက်ကြေးခွဲနေတဲ့ စစ်အုပ်စုကို တိုက်ခိုက်၊ လက်နက် ရ၊

ဒေါ်လာ/MFP၊ မတ် – ၂၆
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မုံရွာ – မန္တလေး ကားလမ်းပေါ် လက်နက်ကိုင်ကာ မိုက်ကြေးခွဲ ဆက်ကြေးကောက်နေတဲ့ အာဏာသိမ်း စစ်အုပ်စုကို တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ရှစ်ယောက်ခန့် သေပြီး သေနတ်တစ်လက် သိမ်းဆည်း ရရှိတယ်လို့ Anyar Defense Force အညာကာကွယ်ရေး အင်အားစု (ADF) LPDF က သတင်း ထုတ်ပြန်ပါတယ်။
မတ်လ ၂၃ရက် မနက်ပိုင်းက မုံရွာ- မန္တလေးကားလမ်း၊ မြင်းမူမြို့နယ်၊ ဂွေးပင်တောနဲ့ ဘိုးမင်းကြီးကင်းရွာ ကြားမှာ ခရီးသွားပြည်သူကို လက်နက်ပြ မိုက်ကြေးခွဲနေတဲ့ အင်အား ၃၀ ခန့်ရှိ စစ်အုပ်စု ကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲချိန် ၁၀ မိနစ်ခန့် ကြာမြင့်ပြီး စစ်အုပ်စုဘက်က ဗိုလ်အဆင့် အပါအဝင် ရှစ်ယောက်ခန့် သေဆုံးကာ သေနတ်တစ်လက် သိမ်းဆည်း ရရှိခဲ့တယ်လို့ ADF LPDF က ဖော်ပြပါတယ်။
အဲ့ဒီ တိုက်ခိုက်မှုကို Anyar Defense Force အညာကာကွယ်ရေး အင်အားစု(ADF) LPDF၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA၊ နွေဦးလူငယ် LPDF၊ Myinmu Local Defence Force LPDF၊ Youth Vigor Revolution Force LPDF၊ Pentagram LPDF နဲ့ စစ်ကိုင်းခရိုင်ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ တို့ ပူးပေါင်း ဖော်ဆောင်ခဲ့ကြတာလို့ ဆိုပါတယ်။

ကားလမ်းပေါ် ဆက်ကြေးကောက်နေတဲ့ စစ်အုပ်စုကို တိုက်ခိုက်ချိန် နောက်ချန် စစ်အုပ်စု ရောက်လာလို့ ထပ်မံ တိုက်ခိုက်ခဲ့ရသလို ဂွေးပင်တောရွာကို စီးနင်းထားတဲ့ စစ်အုပ်စုကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီ တိုက်ပွဲအတွင်း စစ်အုပ်စု ငါးယောက်ခန့် သေတာကို တွေ့ရပြီး ဒဏ်ရာရသူတွေထဲက နောက်ထပ် သုံးယောက်လည်း ဆေးရုံမှာ သေတယ်လို့ သတင်းရကာ တော်လှန်ရေးတပ်တွေဘက်က ရဲဘော် တစ်ဦး ဒဏ်ရာရတယ်လို့ ADF LPDF က ဖော်ပြပါတယ်။
စစ်အုပ်စုဟာ မုံရွာ – မန္တလေး ကားလမ်းတလျှောက် ဂိတ်တွေဖွင့်ထားပြီး လမ်းသွားလမ်းလာ ပြည်သူကို လက်နက်ပြ မိုက်ကြေးခွဲ ငွေညှစ်တာ၊ ပေါ်တာဆွဲတာ၊ ပြည်သူကို လူသားဒိုင်းကာအဖြစ် အသုံးချပြီး မိုင်းရှင်းခိုင်းတာတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။

မြင်းမူနယ် ကားလမ်းပေါ်တက်ကာ ပြည်သူကို လက်နက်ပြ မိုက်ကြေးခွဲနေတဲ့ စစ်အုပ်စုထံက သိမ်းဆည်း ရရှိတဲ့ လက်နက်/Photo – ADF LPDF
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #စစ်ကိုင်း #မြင်းမူ #ADFLPDF



