
ဖိုးချို/MFP၊ မတ် – ၂၆
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရှမ်းဝိုင်းရပ်ကွက်မှာ ဒီကနေ့ မနက်ပိုင်း နေအိမ် မီးလောင်မှု တစ်ခု ဖြစ်ပွားခဲ့ပြီး သားဖြစ်သူ လူငယ်လက်ဝှေ့ကစားသမား တစ်ဦး သေဆုံးကာ မိခင်ဖြစ်သူ မီးလောင်ဒဏ်ရာ ရခဲ့တယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။
မတ်လ ၂၆ရက် ဒီကနေ့ မနက် ၉နာရီခွဲအချိန် မဟာအောင်မြေမြို့နယ်၊ ၈၇ လမ်းနဲ့ ၃၇ လမ်းရှီ နေအိမ်တစ်အိမ်မှာ မီးလောင်မှု ဖြစ်ခဲ့တာလို့ စစ်အုပ်စု မီးသတ်က ထုတ်ပြန်ပါတယ်။
မီးလောင်မှုကြောင့် အိမ်ရှင် မိခင် ဒဏ်ရာရကာ သားဖြစ်သူ သေဆုံးပြီး သေဆုံးသူဟာ အသက် ၁၇ နှစ်အရွယ်၊ ဘာမထီကလပ် လူငယ်လက်ဝှေ့ကစာသမား မောင်လင်းခန့်မောင် ဖြစ်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

“မီးထဲမှာဆုံးတာ အငယ်ဆုံးယောင်္ကျားလေး၊ သူတို့က မောင်နှမ လေးယောက်ရှိတာ၊ သူ့အထက်က အစ်မ သုံးယောက် ရှိတယ်၊ ကျနော်ရောက်တော့ ဆေးရုံကို အလောင်းက သယ်သွားပြီ” လို့ မြို့ခံတစ်ဦးက MFP ကို ပြောပါတယ်။
မီးလောင်ကျွမ်းလို့ နေအိမ်လည်း ရစရာမရှိအောင် တစ်အိမ်လုံး ဆုံးရှုံးပျက်စီးတယ်လို့ ဆိုပါတယ်။
မန္တလေးမြို့မှာ ယခုရက်ပိုင်း မကြာခဏ မီးလောင်မှုတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။



မန္တလေးမှာ နေအိမ် မီးလောင်မှုကြောင့် သေဆုံးတဲ့ လူငယ်လက်ဝှေ့သမားနဲ့ ဒဏ်ရာရတဲ့ မိခင်/Photo – ဒေသခံ၊ မဏီစလ လူမူ/နာမူ ကူညီရေးအသင်း – မန္တလေး
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #မန္တလေး #မီးလောင် #လက်ဝှေ့သမား



