စစ်ကိုင်းသတင်း

တရုတ်ကြေးနီစက်ရုံ ဂိတ်အစောင့် စစ်အုပ်စုက ယင်းမာပင်နယ် ရွာနှစ်ရွာကို မီးရှို့ဖျက်ဆီး၊

ယင်းမာပင်နဲ့ ဝမ်ပေါင်ကြား စစ်အုပ်စု ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့နေတာ ရက် ၂၀ ကျော်ကြာ ရှိလာပြီး ပြည်သူတွေ ထွက်ပြေးနေရ၊

သုထက်/MFP၊ မတ် – ၂၆

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နယ်ရှိ တရုတ်ပိုင် ဝမ်ပေါင်နဲ့ ယန်စီ ကြေးနီစက်ရုံကို လုံခြုံရေးယူ  ဂိတ်စောင့်ပေးနေရတဲ့ အာဏာသိမ်း စစ်အုပ်စုဟာ အဲ့ဒီ ကြေးနီစက်ရုံတွေနဲ့ ယင်းမာပင်မြို့ကြား ကျေးရွာတွေကို ရွာစဉ်ပတ်မွှေနေပြီး မနေ့က ကျေးရွာနှစ်ရွာကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

မတ်လ ၂၅ရက် မနေ့က ယင်းမာပင်နယ် ပြောင်းပြာကျေးရွာနဲ့ မြို့ပေါ် ကျေးရွာတို့ကို စစ်အုပ်စုက စီးနင်းလုယက် မီးရှို့ဖျက်ဆီးတာလို့ ဆိုပါတယ်။

မတ်လ ၇ရက်က စတင်ပြီး တရုတ်ပိုင် ဝမ်ပေါင် – ယန်စီ ကြေးနီစက်ရုံထဲက ထွက်လာတဲ့ စစ်အုပ်စုဟာ ယင်းမာပင်မြို့နဲ့ ကြေးနီစက်ရုံတွေကြားရှိ ကျေးရွာတွေကို စီးနင်းလုယက်နေတာ ဖြစ်ပြီး ပြောင်းပြာကျေးရွာထဲ မတ်လ ၈ရက်က စတင်ကာ စီးနင်းအထိုင်ချ တပ်စွဲနေရာယူထားပြီးနောက် မနေ့က မနက်ပိုင်းမှာတော့ ရွာကို မီးထရှို့ဖျက်ဆီးတာလို့ ​ဒေသခံတွေက ပြောပါတယ်။

“စစ်ကြောင်း စထိုးတာက မတ်လဆန်းပိုင်းကပဲ၊ မီးကတော့ ခုမှ စရှို့တာ၊ ခန့်မှန်းရသလောက်တော့ အိမ်ခြေ ၂၀ လောက် မီးလောင်ပျက်စီးလောက်ပြီ၊ စစ်ကြောင်းထွက်မှ အတည်ပြုလို့ ရမယ်” လို့ ဒေသခံ အမျိုးသားတစ်ဦးက  MFP ကို ပြောပါတယ်။

ပြောင်းပြာရွာဟာ အိမ်ခြေ ၁၅၀ ဝန်းကျင်ရှိတဲ့ ရွာဖြစ်ပြီး ယင်းမာပင်မြို့နဲ့ ငါးမိုင်ခန့်အကွာမှာ ရှိကာ စစ်အုပ်စုက ကျေးရွာကို စီးနင်းထားလို့ ရွာခံပြည်သူတွေ ထွက်ပြေးနေရတာ ရက် ၂၀ နီးပါး ရှိပြီလို့လည်း ဒေသခံတွေက ပြောပါတယ်။

ဆက်လက်ပြီး စစ်အုပ်စုဟာ အိမ်ခြေ ၁၂၀​ ကျော် ရှိတဲ့ မြို့ပေါ် ကျေးရွာကိုလည်း စီးနင်းလုယက် မီးရှို့ဖျက်ဆီးနေပြီး မြို့ပေါ်ကျေးရွာမှာလည်း အနည်းဆုံး အိမ်ခြေ ၁၀ လုံး မီးလောင်ပြာကျဖွယ် ရှိတယ်လို့ ဆိုပါတယ်။

“တိုက်ပွဲ မရှိဘူး။ တိုက်ပွဲက အရင်နေ့တွေကပဲ ရှိတာ” လို့ စစ်အုပ်စုက အကြောင်းမဲ့ ရွာတွေကို မီးရှို့နေတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်အုပ်စုက အဲ့ဒီ ကျေးရွာတွေထဲ ဆက်လက် စီးနင်းအထိုင်ချ တပ်စွဲထားဆဲမို့ ပျက်စီးမှု အသေးစိတ် မသိရသေးဘဲ စစ်အုပ်စုအနေနဲ့ ရွာထဲက နေအိမ်တွေ ဖောက်ထွင်းကာ ကြက်၊ ဝက်တွေကို သတ်ဖြတ်စားသောက်နေတယ်လို့ ယူဆရကြောင်း ဒေသခံတွေက ပြောပါတယ်။

တရုတ်ကြေးနီစက်ရုံနဲ့ ယင်းမာပင်မြို့ကြား ရွာစဉ်ပတ်မွှေနေတဲ့ စစ်အုပ်စုဟာ မတ်လ ၁၂ရက်က ယင်းမာပင်မြို့နယ် နှောရိုးကျေးရွာကို စီးနင်းချိန် စစ်ဘေးရှောင် ထွက်မပြေးနိုင်လို့ နေအိမ်မှာပဲ ကျန်ရစ်တဲ့ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီး သတ်ဖြတ် စွန့်ပစ်ခဲ့ပါတယ်။

စစ်အုပ်စု ရန်ကြောင့် ပြောင်းပြာ၊ လက်လှုပ်၊ မြို့ပေါ်၊ နှုံးကြီး၊ ရုံးလေးပင်၊ စားတော်ပြင် စတဲ့ ကျေးရွာတွေက ပြည်သူ ၇၀၀၀ ကျော်ဟာ မတ်လ ၇ရက် ကတည်းက စစ်ဘေးရှောင် ထွက်ပြေး နေကြရပါတယ်။

စစ်ရှောင်ရက် ကြာရှည်လာလို့ စားသောက်နေထိုင်ရေး ခက်ခဲသလို ကျန်းမာရေးပြဿနာတွေပါ ကြုံနေရတယ်လို့ ကိုယ်တိုင် စစ်ဘေးရှောင်နေရတဲ့ ဒေသခံ အမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။

“စစ်ရှောင်ရတာ နှစ်ပတ်ကျော်လာပြီ၊ မိုးကရွာ၊ ဥတုကပျက်တော့ ကျန်းမာရေးပါ ဂရုစိုက်နေရပြီ”

ယင်းမာပင်နယ်ထဲ ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့တဲ့ စစ်အုပ်စုကို ဒေသခံ တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာ ရက်၂၀ကျော်အတွင်း စစ်အုပ်စု အများအပြား သေသလို တော်လှန်ရေး တပ်တွေဘက်ကလည်း ရဲဘော် ငါးဦး ကျဆုံးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်အုပ်စုဟာ မြေပြင်တိုက်ပွဲ ဖြစ်ပြီး အထိနာတိုင်း ဂျက်ဖိုက်တာ တိုက်လေယာဉ်နဲ့ Y-12 လေယာဉ် အပါအဝင် ဆူဆိုက်ဒရုန်းတွေ၊ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ က တက်လာတဲ့ ပါရာမော်တာ (Paramotor – စက်တပ်လေထီး)၊ ဂျိုင်အိုကော်ပရာတွေနဲ့ ကျေးရွာတွေအပေါ် ဗုံးပတ်ကြဲလေ့ ရှိတယ်လို့ ဆိုပါတယ်။

မတ်လ ၁၂ရက်ကလည်း တိုက်ပွဲဖြစ်ပြီးနောက် စစ်အုပ်စုက ယင်းမာပင်မြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ဖိုလ်ဝင်တောင် ဘုရားကို ဂျိုင်အိုကော်ပရာနဲ့ ဗုံးကြဲခဲ့ရာ ဘုရားဖူးပြည်သူ သုံးဦး နေရာတင်ပွဲချင်းပြီး သေဆုံးပြီး ခုနှစ်ဦး ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

ယင်းမာပင်နယ် တရုတ်ကြေးနီစက်ရုံ ဂိတ်အစောင့် စစ်အုပ်စုက ပြောင်းပြာနဲ့ မြို့ပေါ်ကျေးရွာတို့ကို စီးနင်းလုယက် မီးရှို့ဖျက်ဆီးနေမှုနဲ့ စစ်ဘေးရှာင်နေရတဲ့ ပြည်သူတွေ/Photo – ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #ယင်းမာပင်မြို့နယ် #စစ်ဘေးရှောင်

Related Articles

Back to top button