မန္တလေးသတင်းအညာမြေ တော်လှန်ရေး

မိတ္ထီလာ မလှိုင်နယ်ထဲ စစ်အုပ်စု ဗုံးကြဲလို့ အရပ်သား လေးဦး သေဆုံး၊ အိမ်ရှစ်လုံး ပျက်စီး၊

စစ်အုပ်စုရဲ့ လေကြောင်းဗုံးကြဲမှုတွေ မိတ္ထီလာနယ်ထဲအထိ ကျယ်ပြန့်လာ၊

ဝင်းသိန်း/MFP၊ မတ် – ၂၇

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၊ ညောင်ကုန်းကျေးရွာကို အာဏာသိမ်း စစ်အုပ်စုက ပါရာမော်တာ (Paramotor – စက်တပ်လေထီး)နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ပြည်သူ လေးဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရပြီး နေအိမ် ရှစ်လုံးလည်း ပျက်စီးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

မတ်လ ၂၆ရက် မနေ့က မွန်းလွဲပိုင်းအချိန် မလှိုင်မြို့နဲ့ ၁၀မိုင်ခန့်ကွာဝေးတဲ့ ညောင်ကုန်းကျေးရွာကို တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ စစ်အုပ်စုက မိတ္ထီလာမြို့ကနေ တက်လာတဲ့ ပါရာမော်တာ နှစ်စီးနဲ့ ဗုံး လေးလုံး ကြဲတိုက်ခိုက်ခဲ့တာလို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

“စက်တပ်လေထီးနှစ်စီးနဲ့ ညောင်ကုန်းကျေးရွာကို စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ဗုံးလေးလုံးကြဲ တိုက်ခိုက်ခဲ့တာပါ။ အမျိုးသမီး တဦးနဲ့ အမျိုးသား သုံးဦး သေဆုံးတယ်။ ဆယ်ကျော်သက် ကလေးငယ် တစ်ဦး ထိခိုက်ဒဏ်ရာ ရတယ်”

သေဆုံးသူတွေဟာ အသက်၆၀ကျော်အရွယ် အမျိုးသား နှစ်ဦးနဲ့ အမျိုးသမီးတစ်ဦး၊ အသက် ၃၀ကျော်အရွယ် အမျိုးသာတစ်ဦးတို့ ဖြစ်ကြပြီး ၁၀နှစ်အရွယ် ကလေးတစ်ဦးလည်း ဒဏ်ရာရရှိခဲ့ကာ လူနေအိမ် ရှစ်လုံး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

“သေဆုံးသူထဲမှာ အသက်၆၀ ကျော် ဦးကြည်မောင် ဆိုသူဟာ လက်ရှိ အကြမ်းဖက်စစ်တပ် လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတစ်ဦးရဲ့ ဖခင်လည်း ဖြစ်ပါတယ်” လို့ အထက်ပါ သတင်းရင်းမြစ်က ပြောပါတယ်။

မလှိုင်နယ် အပါအဝင် မိတ္ထီလာခရိုင်ထဲ နေထိုင်ကြသူ အများစုဟာ အာဏာသိမ်း စစ်အုပ်စုနဲ့ ဆက်စပ်သူတွေ ဖြစ်ပြီး ရခိုင်နဲ့ ရှမ်းမြောက် အပါအဝင် နိုင်ငံတဝန်း စစ်ရှုံးပြီး ထွက်ပြေးလာတဲ့ စစ်အုပ်စု ဝန်ထမ်းနဲ့ ဝန်ထမ်း မိသားစုတွေဟာ မိတ္ထီလာနဲ့ ရမည်းသင်းဒေသ မြို့၊ရွာတွေမှာ ခိုအောင်း နေထိုင်နေကြတာ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မလှိုင်မြို့နယ်အတွင်း စစ်အုပ်စုက လေကြောင်းဗုံးကြဲ သတ်ဖြတ်မှုတွေ စတင် ကျူးလွန်လာပြီမို့ ဒေသခံပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်ကို ပိုမို သတိပြုဖို့ လိုအပ်ပြီး လေယာဉ်၊ လေထီးတွေ မိမိတို့ ရပ်ရွာပေါ် ခပ်နိမ့်နိမ့် ပျံသန်းဝဲပျံလာတာကို တွေ့ရှိပါက မပေါ့ဆဘဲ အထူးသတိပြုကြဖို့ ဒေသခံအချင်းချင်း သတိပေး တိုက်တွန်းနေကြပါတယ်။

“ငါတို့ရွာ မကြဲလောက်ပါဘူး၊ နဂိုလည်း ဒီလို ဖြတ်သွားနေတာမျိုး မတွေးစေချင် မပေါ့ဆစေချင်ပါဘူး”  လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ရက်ကလည်း မလှိုင်မြို့နယ်၊ ရေငွေ့ကျေးရွာ၊ ထန်းတောရွာ၊ ပန်းအိုင်ရွာနဲ့ မုံကန်ရွာတွေကို စစ်အုပ်စုက စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ရေငွေ့ကျေးရွာခံ အမျိုးသား သုံးဦး သေဆုံးခဲ့ပါတယ်။

စစ်အုပ်စုဟာ နိုင်ငံတဝန်း ပြည်သူကို ပစ်မှတ်ထားတဲ့ ဗုံးကြဲသတ်ဖြတ်မှုတွေ နေ့စဉ် ကျူးလွန်နေတာ ဖြစ်ပြီး ၂၀၂၅ တစ်နှစ်တာအတွင်း စစ်အုပ်စုရဲ့ လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုကြောင့် နိုင်ငံတဝန်း အရပ်သားပြည်သူ ၂၃၂၀ ကျော် သေဆုံးကာ ၄၁၄၀ ကျော် ဒဏ်ရာရပြီး နေအိမ် ၃၅၇၀ ကျော်၊ ပညာရေးဆိုင်ရာ အဆောက်အအုံ ၁၀၀ ကျော်၊ ကျန်းမာရေး ဆိုင်ရာ အဆောက်အအုံ ၃၀ ကျော်နဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံ ၁၉၀ ပျက်စီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ – NUG က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ လပိုင်းက ပခုက္ကူနဲ့ ပေါက်နယ်ထဲ ပျက်ကျခဲ့တဲ့ စစ်အုပ်စုရဲ့ ပါရာမော်တာ – စက်တပ်လေထီးတွေ/Photo – ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မန္တလေး #မိတ္ထီလာ

Related Articles

Back to top button