မကွေးသတင်းအညာမြေ တော်လှန်ရေး

ငဖဲနယ်၊ နတ်ရေကန်စခန်းအနီး တိုက်ပွဲ ဖြစ်ပြီး စစ်အုပ်စု ၂၀ ခန့် သေဆုံး၊

နတ်ရေကန်စခန်း မကျရေး စစ်အုပ်စု အသေခံကာ ခုခံနေ၊

ဝင်းသိန်း/MFP၊ မတ် – ၂၈

​မကွေးတိုင်း၊ ငဖဲမြို့နယ်၊  ပဒါန်းဒေသ၊ နတ်ရေကန်စစ်စခန်းအနီးရှိ မန်းချောင်း (ကြောင်နွားသိုး) ဆည်ဘက် စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်အုပ်စု ၂၀ ထက်မနည်း သေဆုံးတယ်လို့ ချင်းကာကွယ်ရေးတပ် – အရှို CDF-Asho က သတင်း ထုတ်ပြန်ပါတယ်။

မတ်လ ၂၅ ရက် မနက်ပိုင်းက ငဖဲမြို့နယ်၊  နတ်ရေကန်စစ်စခန်းအနီးရှိ မန်းချောင်းဆည်ဘက် စစ်ကြောင်းထိုးလာတဲ့ အင်အား ၅၀ ကျော်ပါ စစ်အုပ်စုကို ယာယီတပ်စွဲထားချိန် CDF-Asho နဲ့ လူ့ ဘောင်သစ် တပ်မတော် (NSA) တို့က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

​”တိုက်ပွဲက မိနစ် ၃၀ နီးပါးပဲ ကြာပါတယ်။ ကျွန်ုပ်တို့ဘက်က ထိခိုက်မှု မရှိပါဘူး။ စစ်ကောင်စီ ဘက်ကတော့ ၂၀ ဦး သေဆုံးပြီး ငါးဦးထက်မနည်း ဒဏ်ရာရတယ်လို့ စုံစမ်းသိရှိရပါတယ်။ သေဆုံး စာရင်းကိုတော့ စစ်ကောင်စီတပ်တွင်း သတင်းရင်းမြစ် (ပစ) ထံကနေပဲ အသွင်ယူ စုံစမ်းသိရတာပါ” လို့ CDF-Asho သတင်းပြန်ကြားရေးတာဝန်ခံက MFP ကို ပြောပါတယ်။

အဲ့ဒီ တိုက်ခိုက်ခံရတဲ့ စစ်အုပ်စုဟာ ​ နတ်ရေကန် စစ်စခန်းဘက် စစ်ကူလာတဲ့ စစ်အုပ်စု ဖြစ်ပြီး ငဖဲမြို့ အနောက်ဘက် တောရကျောင်းမှာ တပ်စွဲထားရာကနေ မတ်လ ၂၃ ရက်မှာ မန်းချောင်းဆည်နဲ့ စစ်အုပ်စုရဲ့ လက်နက်စက်ရုံ ကပစ – ၁၄ ဘက် စစ်ကြောင်းထိုးလာချိန် ကြားဖြတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“အဓိကတော့ အခုတိုက်ပွဲက (မန်းချောင်းဆည်နား) ကပစ ၁၄ နဲ့ ငဖဲမြို့ အနီးအတွက် နယ်မြေ ရှင်းလင်းရေး စစ်ကြောင်းထိုးတာမျိုးကို တိုက်ခိုက်တာပါ။ စစ်ကော်မရှင်ဘက်က တိုက်ပွဲ ဖြစ်ခဲ့တာကို စကစ  အချင်းချင်း မိုးပေါ်ထောင် ပစ်ကြတာပါလို့ ငဖဲမြို့ပေါ်မှာ သတင်းမှောင် ချထားတာမို့ သတင်း ထုတ်ပြန်ပေးလိုက်တာပါ” လို့ CDF-Asho သတင်းပြန်ကြားရေးတာဝန်ခံက ဆက်ပြောသည်။ ​

​တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်အုပ်စု စစ်ကြောင်းပျက်ကာ တချို့က ထွက်ပြေးပြီး အနီးအနားမှာ တခြား စစ်အုပ်စု စစ်ကြောင်းတွေ ရှိနေတာကြောင့် တော်လှန်ရေးတပ်တွေ အနေနဲ့လည်း နယ်မြေရှင်းလင်းရေး မလုပ်နိုင်ခဲ့ဘဲ ပြန်လည် ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ရခိုင်ရိုးမ၊ အမ်း-ပဒါန်းလမ်းမပေါ်ရှိ စစ်အုပ်စုရဲ့ နတ်ရေကန်တောင် ဗျူဟာစခန်းကို သိမ်းပိုက်နိုင်ရေးအတွက် အာရက္ခတပ်တော် (AA) နဲ့ မဟာမိတ် တော်လှန်ရေး ပူးပေါင်းတပ်တွေက ၂၀၂၄ နှစ်ကုန်ပိုင်းက စတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

လက်ရှိမှာ နတ်ရေကန်တောင် ဗျူဟာကုန်းရဲ့ ကာကင်းစခန်း အားလုံးနီးပါးကို AA နဲ့ မဟာမိတ် တပ်တွေက သိမ်းပိုက်ရရှိထားပြီး ဗျူဟာကုန်း တစ်ခုလုံးကို အပြီးသတ် သိမ်းပိုက်နိုင်ရေး ဝိုင်းပတ် ပိတ်ဆို့ထားတာ ဖြစ်ပါတယ်။

လက်ရှိ မန်းချောင်းဆည်အနီး စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုဟာ AA နဲ့ ပူးပေါင်းတပ်တွေရဲ့ ဝိုင်းပတ် ပိတ်ဆို့ခံထားရတဲ့ နတ်ရေကန်တောင် ဗျူဟာစခန်းဘက် စစ်ကူပေးနိုင်ဖို့ လမ်းကြောင်းရှင်းလင်းရေး လုပ်ဆောင်လာတာ ဖြစ်တယ်လို့လည်း ဒေသခံ တော်လှန်ရေး အင်အားစုတွေက ဆိုပါတယ်။

ငဖဲမြို့နယ်၊ ပဒါန်းတပ်နယ်အတွင်း စစ်အုပ်စုရဲ့ အဓိက စစ်စခန်းတွေဖြစ်တဲ့ ​အမှတ် ၉၀၅ အမြောက်စစ်ဆင် ရေးကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၅)၊ ​အမြောက်တပ်ရင်းတွေဖြစ်တဲ့ အမတ ၃၇၅၊ အမတ ၄၀၉၊ အမတ ၆၀၉၊​ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၄) တို့ ရှိပြီး ​စစ်ရေးလေ့လာသူတွေရဲ့ အဆိုအရ နတ်ရေကန်စခန်းဟာ ပဒါန်းတပ်နယ်ရှိ အထက်ပါ တပ်ရင်းဌာနချုပ်တွေနဲ့ ကပစ စက်ရုံတွေအတွက် အကာအကွယ်ပေးထားတဲ့ ရှေ့တန်းခံစစ်စခန်းတစ်ခု ဖြစ်တာကြောင့် စစ်အုပ်စု အနေနဲ့ နတ်ရေကန်စခန်း မကျရေး အင်အားသုံးကာ အသေခံ ခုခံနေတာလို့ ဆိုပါတယ်။

CDF – Asho တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်/Photo – CDF Asho

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မကွေး #နတ်ရေကန် #CDF_Asho

Related Articles

Back to top button