
ကျောက်ပန်းတောင်းနယ်ထဲ စစ်အုပ်စု စစ်ကြောင်းထိုး၊ လူသတ်၊ မီးရှို့နေတာ တစ်လကြာပြီဖြစ်၊
တေဇ/MFP၊ မတ် – ၂၉
မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးတိုက်နယ်ရှိ ဆိတ္ထိန်း(မြောက်)ရွာကို မတ်လ ၂၉ရက် ဒီမနက်ပိုင်း အာဏာသိမ်း စစ်အုပ်စုက မီးရှို့ဖျက်ဆီးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ်လ ၂၈ရက် မနေ့ မနက်ပိုင်းက စတင်ကာ စစ်အုပ်စု အင်အား ၃၀၀ ကျော်နဲ့ ကျောက်ပန်းတောင်းနယ် ပုပ္ပါးဒေသထဲ တကျော့ပြန် စစ်ကြောင်းထိုးတာ ဖြစ်ပြီး မနေ့ကညပိုင်းအချိန် ဆိတ္ထိန်းရွာ (စိတ္ထိန်းရွာ)ထဲ စစ်အုပ်စု အင်အား ၂၀၀ ခန့် စီးနင်းအထိုင်ချ ညအိပ်ကာ မနက်ပိုင်းမှာ ရွာကို မီးရှို့ဖျက်ဆီးတာလို့ ဒေသခံ မြေပြင် ကင်းထောက်အဖွဲ့ KPG Update News (ကျောက်ပန်းတောင်းသတင်း) က ဖော်ပြပါတယ်။
စစ်အုပ်စုဟာ ဆိတ္ထိန်းရွာကို မီးတင်ရှို့ပြီးနောက် ရွာခံပြည်သူတချို့ကို လက်ပြန်ကြိုးတုပ် ဖမ်းဆီး ခေါ်ဆောင်ကာ ရွာထဲက ပြန်ထွက်သွားလို့ စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေ ရွာထဲ ပြန်ဝင်ပြီး မီးငြိမ်းသတ်ခဲ့ရတယ်လို့ ဆိုပါတယ်။
စစ်အုပ်စု မီးရှို့ဖျက်ဆီးလို့ ဆိတ္ထိန်းရွာအတွင်းရှိ အိမ်ခြေ ခုနှစ်လုံးထက်မနည်း မီးလောင်ပြာကျသလို ရိတ်သိမ်းပြီးစ ကြက်သွန်တွေလည်း မီးလောင်ပျက်စီးတယ်လို့ ဆိုပါတယ်။
ဆိတ္ထိန်းရွာရဲ့ မြောက်ပိုင်းနဲ့ အနောက်မြောက်ပိုင်းက နေအိမ်တွေ မီးလောင်ပြာကျတာ ဖြစ်ပြီး စစ်အုပ်စု အနေနဲ့ ယခု မတ်လအတွင်း ရွာကို ဒုတိယအကြိမ် စီးနင်းလုယက် မီးရှို့ဖျက်ဆီးတာ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ စစ်အုပ်စုက ပုပ္ပါးဒေသ ဆက်လက် စစ်ကြောင်းထိုးနေတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုဟာ ယခု မတ်လဆန်းကစလို့ ပုပ္ပါးဒေသ အပါအဝင် ကျောက်ပန်းတောင်းနယ်ထဲ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပါတယ်။
စစ်အုပ်စုဟာ မတ်လ ၂ရက်က ဆိတ္ထိန်း တောင်ရွာနဲ့ မြောက်ရွာတို့ကို စီးနင်းလုယက် မီးရှို့ဖျက်ဆီးရာ အိမ်ခြေ ၇၀ ကျော် ပြာကျခဲ့ပြီး မတ်လ ၄ရက်ကနေ ၆ရက်အထိ ကမ်းဖြူကျေးရွာကို ဆက်လက် စီးနင်းလုယက် မီးရှို့ရာ အိမ်ခြေ ၂၀၀ ကျော် ပြာကျခဲ့ပါတယ်။ ဒါ့အပြင် ကမ်းဖြူရွာကို မီးရှို့တဲ့ စစ်အုပ်စုဟာ မပြေးနိုင်ဘဲ အဖွားသုံးဦးကိုလည်း မီးရှို့သတ်ဖြတ်ခဲ့ပါတယ်။

ဒါ့အပြင် မတ်လ ၁၈ရက်ကနေ ၂၄ရက်အထိ ကျောက်ပန်းတောင်းနယ်၊ ချောက်နဲ့ ရေနံချောင်းမြို့တွေဆီ သွားတဲ့ဘက်ရှိ အင်ပင်ကြီးရွာကို စီးနင်းချိန်မှာလည်း ရွာခံပြည်သူ ငါးဦးကို သတ်ဖြတ်ခဲ့ပါသေးတယ်။ အင်ပင်ကြီးရွာထဲ စစ်အုပ်စု သတ်ဖြတ်သွားသူတွေဟာ အသက် ၂၀ နဲ့ ၃၀ ကြားအရွယ် အမျိုးသမီး တစ်ဦးနဲ့ အမျိုးသား လေးဦးတို့ ဖြစ်ပြီး အမျိုးသမီးငယ်ကို မသတ်ဖြတ်မီ အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့တယ်လို့ ယူဆရသလို အမျိုးသားတွေကိုလည်း ခြေချောင်း၊ လက်ချောင်းတွေ ဖြတ်တောက်ကာ ညှဉ်းပန်းသတ်ဖြတ်ခဲ့တယ်လို့ ယူဆရကြောင်း ဒေသခံတွေက ပြောပါတယ်။ စစ်အုပ်စုဟာ ရွာထဲက ပြန်ထွက်ချိန် အမျိုးသမီးရဲ့ အလောင်းကို တပိုင်းတစ မီးရှို့ကာ ဖျောက်ဖျက်ခဲ့သလို အမျိုးသားတွေရဲ့ အလောင်းတွေကို PDF ယူနီးဖောင်းတွေ ဝတ်ဆင်ကာ ခြုံတွေကြား စွန့်ပစ်ခဲ့တာ ဖြစ်ပါတယ်။
စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကာလ ၂၀၂၅ နှစ်ကုန်ပိုင်းက စတင်ကာ စစ်အုပ်စုက ကျောက်ပန်းတောင်းနယ်ထဲ ရွာစဉ်ပတ်မွှေနေတာလို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ စစ်အုပ်စု ရန်ကြောင့် ပုပ္ပါးဒေသ ကျေးရွာတချို့က ပြည်သူတွေ ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။

ကျောက်ပန်းတောင်းနယ် ကမ်းဖြူရွာကို မတ်လ ၄ရက်ကနေ ၆ရက်အထိ စစ်အုပ်စုက စီးနင်းလုယက်ကာ မီးရှို့ဖျက်ဆီးခဲ့စဉ်/Photo – ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #မန္တလေး #ကျောက်ပန်းတောင်း #ပုပ္ပါး



