စစ်ကိုင်းသတင်း

​အင်းတော်မှာ ကလေးငယ်နှစ်ဦး ဆော့ကစားရာက မိုင်းပေါက်ကွဲလို့ တစ်ဦး သေဆုံး၊ တစ်ဦးဒဏ်ရာရ၊

ဝင်းသိန်း/​MFP၊ မတ် – ၂၉

​စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်မှာ ကလေးငယ်နှစ်ဦး စစ်ကျန်လက်နက်ပစ္စည်း ကောက်ယူဆော့ကစားမိရာက ပေါက်ကွဲမှုဖြစ်ပွားလို့ အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးကာ အခြား ကလေးငယ်တစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

​မတ်လ ၂၇ ရက် မနက်ပိုင်းက အင်းတော်မြို့နယ်၊ အလယ်ဆိပ်ကျေးရွာမှာ တော်လှန်ရေး ရဲဘော်တစ်ဦး ယူဆောင်လာတဲ့ လက်လုပ်မိုင်းကို ကလေးငယ်တွေက မြင်တွေ့ပြီး ကျောက်ခဲနဲ့ ထုနှက် ဆော့ကစားရာက ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

​“ကလေးတွေက ဘာမှမသိဘဲ ကောက်ဆော့ကြတာ။ တော်လှန်ရေး ရဲဘော်တစ်ယောက် ချထားတာပေါ့။ အဲတာကို လူကြီးတွေ မသိခင်မှာ ကလေးတွေက မိုင်းကို ခဲနဲ့ ဝိုင်းထုကြရင်း ပေါက်ကွဲသွားတာဗျ။ တစ်ယောက်ကတော့ နေရာတင် ဆုံးသွားတယ်” လို့ ဒေသခံ အမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။

အဲ့ဒီ ပေါက်ကွဲမှုကြောင့် အသက် ၁၀ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးပြီး နောက်ထပ် အသက် ၁၀ နှစ်အရွယ် ကလေးတစ်ဦးလည်း ထိခိုက်ဒဏ်ရာတွေ ရတယ်လို့ ဆိုပါတယ်။

​“အခုက စစ်ဘေးဒဏ်တင် မကဘူး၊ ဒီလို လက်နက်ခဲယမ်းတွေကလည်း ကလေးတွေအတွက် အရမ်း အန္တရာယ်များနေတာ။ လူကြီးတွေအနေနဲ့ ဒီထက်ပိုပြီး သတိထားဖို့ လိုအပ်နေပြီ” လို့ အထက်ပါ ဒေသခံ အမျိုးသားက ဆက်ပြောပါတယ်။

၂၀၂၄ နိုဝင်ဘာကလည်း အင်းတော်မြို့နယ် အင်ပင်ကျေးရွာမှာ စစ်ကျန်ဗုံးသီးတစ်လုံး ပေါက်ကွဲမှု ဖြစ်ပြီး လူကြီးတစ်ဦးနဲ့ ကလေး သုံးဦး ဒဏ်ရာရရှိခဲ့သလို ၂၀၂၅ ဒီဇင်ဘာလမှာလည်း အင်းတော်နယ် နန်းကင်ကျေးရွာမှာ စစ်ကျန်ဗုံးသီး တစ်လုံး ပေါက်ကွဲမှုလို့ ကလေးငယ် တစ်ဦး ဒဏ်ရာရခဲ့ပါသေတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၃ ခုနှစ်က စတင်ကာ မြန်မာနိုင်ငံဟာ မြေမြှုပ်မိုင်းနဲ့ စစ်လက်နက် အကြွင်းအကျန်ကြောင့် ထိခိုက် ဒဏ်ရာရ၊ သေဆုံးမှု ကမ္ဘာတဝှမ်း အများဆုံးနိုင်ငံ ဖြစ်လာပြီး ဆီးရီးယားနဲ့ အာဖဂန်န္စစတန်နိုင်ငံတို့ထက် ပိုမို များပြားတယ်လို့ စောင့်ကြည့်သူတွေက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအတွင်း မြေမြှုပ်မိုင်းသုံးစွဲမှု မြင့်တက်လာရုံသာမက ထိခိုက် သေဆုံးမှုလည်း မြင့်တက်လာတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ မြေမြှုပ်မိုင်းနှင့် ထပ်ဆင့် ပေါက်ကွဲစေသော လက်နက်ပစ္စည်းများ စောင့်ကြည့်လေ့လာရေး အဖွဲ့တွေက ပြောပါတယ်။

၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ စစ်လက်နက် အကြွင်းအကျန်‌တွေကြောင့် ထိခိုက်ဒဏ်ရာရ၊ သေဆုံးသူ ၁၀၀၃ ဦး ရှိခဲ့ပြီး ကမ္ဘာတစ်ဝှမ်း အများဆုံးဖြစ်ကာ ဆီးရီးယားနိုင်ငံက ဒုတိယ အများဆုံးနဲ့ အာဖဂန်နစ္စတန် နိုင်ငံက တတိယအများဆုံး ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ စစ်အာဏာမသိမ်းခင် ၂၀၂၀မှာ မြေမြှုပ်မိုင်းနဲ့ စစ်လက်နက် အကြွင်းအကျန်‌တွေကြောင့် ထိခိုက် ဒဏ်ရာရ၊ သေဆုံးသူ ၂၈၀ ဦးသာ ရှိခဲ့ပြီး ၂၀၂၃ မှာ ၁၀၀၃ ဦးအထိ ရှိလာတာကြောင့် သုံးနှစ်အတွင်း လေးဆနီးပါး မြင့်တက်လာတာ တွေ့ရတယ်လို့ မြေမြှုပ်မိုင်းနှင့် ထပ်ဆင့်ပေါက်ကွဲစေသော လက်နက်များ စောင့်ကြည့် လေ့လာရေးအဖွဲ့ (Landmine and Cluster Munition Monitor) က ၂၀၂၄ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

၂၀၂၄ အတွင်း မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ စစ်လက်နက် အကြွင်းအကျန်တွေကြောင့် ထိခိုက် ဒဏ်ရာရ၊ သေဆုံးသူ ၁၀၈၂ ဦးရှိပြီး ၂၀၂၃ ခုနှစ်ထက် အနည်းငယ် ပိုများလာတယ်လို့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ – UNICEF က ၂၀၂၅ ဖေဖော်ဝါရီ ၂၅ရက်မှာ ထုတ်ပြန်တဲ့ မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲ စေတတ်သော ပစ္စည်းများ၊ ဖြစ်ရပ် သတင်းအချက်အလက်များ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

၂၀၂၂ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှုတွေဟာ နေပြည်တော်က လွဲပြီး ကျန်ပြည်နယ်နဲ့ တိုင်းဒေသကြီး အားလုံးမှာ ဖြစ်ပေါ်ခဲ့တယ်လို့ မြေမြှုပ်မိုင်းနှင့် ထပ်ဆင့်ပေါက်ကွဲစေသော လက်နက်များ စောင့်ကြည့်လေ့လာရေးအဖွဲ့ရဲ့ အစီရင်ခံစာက ဆိုပါတယ်။

အင်းတော်မှာ လက်လုပ်မိုင်း ဆော့ကစားမိရာက ထိခိုက်၊သေဆုံးတဲ့ ကလေးငယ်/Photo – Indaw Revolution – IR

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #အင်းတော် #မိုင်းအန္တရာယ်

Related Articles

Back to top button