ရဲဝင်းဦးကို ဘာကြောင့် ဆက်ခံခိုင်းတာလဲ

ရေးသူ – မင်းမြတ်
MFP၊ မတ် – ၃၀
သမ္မတ လုပ်တော့မဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့ရဲ့ စစ်တပ်ရာထူးနေရာကို ဆက်ခံဖို့ သူ့တပည့် လူယုံ ရဲဝင်းဦးကို လွှဲပေးလိုက်ပါပြီ။
စစ်တက္ကသိုလ် – DSA မတက်ဖူးဘဲ ဗိုလ်သင်တန်း – OTS (Officers Training School) ကျောင်းဆင်း ဖြစ်တဲ့ ရဲဝင်းဦးဟာ စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖေါ်ဝါရီ ၁ရက်က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ နေအိမ်ကို စီးနင်းဝင်ရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီး ထောင်ချမှုကို ဦးဆောင်ခဲ့သူပါ။
ပြီးခဲ့တဲ့ လတွေအတွင်း မင်းအောင်လှိုင်က နိုင်ငံတဝန်းရှိ လူငယ်လူရွယ်တွေကို အသေခံ စစ်သားအဖြစ် အသုံးချဖို့ စစ်မူထမ်း လူသစ် စုဆောင်းရာမှာလည်း ရဲဝင်းဦးက သူရဲ့သား ထက်ရဲနောင် ဆိုသူကို စစ်မူထမ်းခိုင်းထားတယ်လို့ မင်းအောင်လှိုင် အလိုကျ ဓာတ်ပုံရိုက် ဝါဒဖြန့်ခဲ့သူ ဖြစ်ပါတယ်။
မင်းအောင်လှိုင်နေရာ ဆက်ခံခွင့်ရလာတဲ့ ရဲဝင်းဦး
မြန်မာစစ်တပ်ရဲ့ ၁၁ ယောက်မြောက် တပ်ချုပ်ဖြစ်လာတဲ့ ရဲဝင်းဦးက အသက် ၆၀ အရွယ် ရှိပါပြီ။ OTS အပတ်စဉ် ၇၇ ဆင်း ဖြစ်ပါတယ်။
စစ်တက္ကသိုလ် – DSA ကျောင်းဆင်းတွေသာ လွမ်းမိုးထားတဲ့ မြန်မာစစ်တပ်မှာ ရဲဝင်းဦးက ရှားရှားပါးပါး ဗိုလ်သင်တန်းကျောင်း (OTS) ဆင်း ဖြစ်ပါတယ်။

ရဲဝင်းဦးက ၁၉၈၈ ကနေ ၂၀၀၉ ခုနှစ်အထိ ခြေလျင်၊ ခြေမြန်တပ်ရင်းတွေမှာ ဗိုလ်မှူးအဆင့်အထိ တာဝန်ယူခဲ့ပါတယ်။
မင်းအောင်လှိုင် တြိဂံတိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်နေချိန် ရဲဝင်းဦးက အဲ့ဒီ တိုင်းစစ်ဌာနချုပ်ရဲ့ စစ်ဦးစီး ပထမတန်း – G1 ဖြစ်ပြီး မိသားစုချင်း ခင်မင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ မင်းအောင်လှိုင်ရဲ့ ယောက္ခမ ဖြစ်သူ အမှတ်၂ စစ်ဆေးရုံတက်ရောက်ချိန် ရဲဝင်းဦးရဲ့ ကတော်က နှစ်ပေါက်အောင် လူနာ စောင့်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရဲဝင်းဦးဟာ ကြည်း၊ရေ၊လေ ညှိုနှိုင်းကွပ်ကဲရေးမှူးချုပ် (ညှိ-ကွပ်) ဟောင်း မောင်မောင်အေးနဲ့ ခမီးခမက် ဖြစ်တယ်လို့ စစ်အုပ်စု အသိုင်းအဝိုင်းက ဆိုပါတယ်။
အဲဒီနောက် ရဲဝင်းဦးဟာ တပ်မ ၁၁ ခေါ် အမှတ် ၁၁ ခြေမြန်တပ်မဌာနချုပ် တပ်မမှူး၊ တပ်မတော်ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့ အဖြစ် တာဝန်ယူခဲ့တာပါ။
၂၀၂၀ မှာတော့ ထောက်လှမ်းရေး တာဝန်ဖြစ်တဲ့ စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဖြစ်လာပါတယ်။
ရဲဝင်းဦးဟာ အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ အနီးကပ်လူယုံတစ်ဦး ဖြစ်ပြီး မင်းအောင်လှိုင်ကလည်း သူ့ကို လူယုံတပည့်အဖြစ် ဆွဲခေါ်လာတာ ဖြစ်တယ်လို့ စစ်တပ်အသိုင်းအဝိုင်းက ဆိုပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေပြည်တော် မြနန်းဘုံသာလမ်း နေအိမ်ကို ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်က ဝင်ရောက်စီးနင်းပြီး အာဏာသိမ်းမှုကို ဦးဆောင်ခဲ့တဲ့ ရဲဝင်းဦးဟာ အာဏာသိမ်း စစ်တပ်မှာ အရေးပါသူ ဖြစ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လဆန်းမှာတော့ မင်းအောင်လှိုင်က ရဲဝင်းဦးကို စိုးဝင်း တာဝန်ယူထားတဲ့ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) အဖြစ် ရာထူးတိုးမြှင့်ပေးခဲ့ပါတယ်။
အဲ့ဒီလို စိုးဝင်းနေရာကို ရပြီး တစ်လမပြည့်မီမှာဘဲ ရဲဝင်းဦးက မင်းအောင်လှိုင်နေရာကိုပါ ဆက်ခံခွင့်ရတဲ့ တပ်ချုပ်ဖြစ်လာခဲ့တာပါ။
ရဲဝင်းဦး အပါအဝင် သူရဲ့ဇနီး ဒေါ်နီလာ၊ အရွယ်ရောက်ပြီး သမီး သိမ့်သဉ္ဇာရဲ တို့ကို အမေရိကန်၊ ဗြိတိန်နဲ့ ဥရောပသမဂ္ဂ တို့က ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ထားကြပါတယ်။
ဒီအကြောင်းအရာ၊အချက်အလက်တွေကတော့ တပ်ချုပ်အသစ် ရဲဝင်းဦးရဲ့ ဖြတ်သန်းလာပုံ အဆင့်ဆင့် အတိုချုပ် ဖြစ်ပါတယ်။

မင်းအောင်လှိုင်က ရဲဝင်းဦးကို ဘာကြောင့် ရွေးတာလဲ
အခုဆက်ပြီး ရဲဝင်းဦးကို ဘာလို့ တပ်ချုပ်တာဝန်ဆက်ခံဖို့ ရွေးချယ်ခဲ့တာလည်းဆိုတာ ဆန်းစစ် ကြည့်ရအောင်ပါ။
လေ့လာသူတွေကတော့ စစ်ခေါင်းဆောင်က ရဲဝင်းဦးကို ကာကွယ်ရေးဦးစီးချုပ်(ကြည်း)အဖြစ် ရာထူးတိုးပေးပြီးကတည်း တပ်ချုပ်နေရာ လွဲပြောင်းဖို့ ရည်ရွယ်ထားပြီလို့ ဆိုကြပါတယ်။ ဒီလို လွဲပြောင်းပေးရတာကလည်း ရဲဝင်းဦးက အာဏာသိမ်း စစ်ခေါင်းဆောင် စေခိုင်း တာဝန်ပေးမှုတွေကို တသွေမတိမ်း လိုက်လုပ်မယ့် လူယုံတစ်ဦးဖြစ်တဲ့အပြင် မိသားစုချင်းလည်း ရင်းနှီးတဲ့ ဆက်ဆံရေးရှိလို့ ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။
အာဏာသိမ်းချိန်က စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ်အဖြစ် တာဝန်ယူထားတဲ့ ရဲဝင်းဦးဟာ စစ်အာဏာသိမ်းမူ ဆန့်ကျင်သူတွေ၊ နွေဦးတော်လှန်ရေး အင်အားစုတွေ၊ ဒီမိုကရေစီ ဘက်တော်သားတွေကို ဖိနှိပ်ညှည်းပန်းတဲ့နေရာမှာလည်း အမည်ဆိုးနဲ့ လူသိများတဲ့သူ ဖြစ်ပါတယ်။
“သိရသလောက်တော့ စစ်ကြောရေးတွေမှာ ညှဉ်းပန်းဖို့ ညွန်ကြားတာတွေကအစ တော်လှန်ရေး အင်အားစုတွေကို ဖိနှိပ်ဖို့ သူက အဓိက ဦးဆောင်တဲ့အထဲ ပါတယ်” လို့ စစ်တပ်ကနေ CDM ပြုလုပ်ထားတဲ့ ရခိုင်တိုင်းရင်းသား ဗိုလ်မှူးတစ်ဦးက မှတ်ချက်ပြုပါတယ်။
ဒါ့အပြင် ရဲဝင်းဦးကို တပ်ချုပ်အဖြစ် ရွေးချယ်ခဲ့တာနဲ့ ပတ်သက်လို့လည်း “မင်းအောင်လှိုင်က သူ့ကို ဘာလို့ ရွေးလဲဆိုရင် သူခိုင်းသလို လိုက်လုပ်တဲ့ လူယုံဖြစ်တယ်။ သူ့နောက်ကျော လုံတယ်ပေါ့၊ ပြန် အာဏာသိမ်းမှာကအစ မပူရဘူးပေါ့” လို့ အထက်ပါ ဗိုလ်မှူးက မှတ်ချက်ပြုပါတယ်။


နေပြည်တော်သတင်းရင်းမြစ်တစ်ဦးကလည်း စစ်ခေါင်းဆောင်က အာဏာသိမ်းပြီးနောက်ပိုင်း ရဲဝင်းဦးဆီက သတင်းတွေကိုသာ ပိုယုံကြည်ပြီး စစ်ရုံးချုပ်ဖက်က အရာရှိတချို့ထက်တောင် အားထားတယ်လို့ ပြောပါတယ်။
“သူတို့ဆရာတပည့်က ပုံစံချင်းလည်း တူတယ်လေ။ သဘောထား တင်းမာသူတွေပေါ့။ ဒီပုတ်ထဲကဒီပဲပါပဲ၊ ဒါကြောင့်ပဲ သူ့နေရာပေးလိုက်တာ”လို့ နေပြည်တော် သတင်းရင်းမြစ်က မှတ်ချက်ပြုပါတယ်။
စစ်ခေါင်းဆောင်က OTS ကျောင်းဆင်းတစ်ဦးကို တပ်ချုပ်နေရာ ပေးလိုက်တာကလည်း ရဲဝင်းဦးက သူ့ကို ပြန်မလှန်ဘဲ သူကြိုးဆွဲရာ ကမယ့်သူအဖြစ် မျှော်မှန်းထားတာ ဖြစ်မယ်လို့ ရခိုင်တိုင်းရင်းသား CDM ဗိုလ်မှူးက ဆက် ပြောပါတယ်။
“လူသာပြောင်းမယ်၊ မူက မပြောင်းဘူး၊ တော်လှန်ရေးကတော့ ဆက်လုပ်ရမှာပဲ၊ စစ်အာဏာရှင်စနစ် ပြိုကျမှ ပြီးမှာလေ” လို့ သူက သုံးသပ်ပါတယ်။

(မင်းမြတ် ဟာ စစ်ရေး၊ နိုင်ငံရေး ဆိုင်ရာ သတင်းတွေ၊ ဆောင်းပါးတွေ ရေးသားနေတဲ့ ပြင်ပ ဆောင်းပါးရှင် ဖြစ်ပါတယ်။)
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #မင်းအောင်လှိုင် #ရဲဝင်းဦး #အာဏာသိမ်းစစ်အုပ်စု



