ဖလမ်းမြို့ဘက် စစ်ကူလာတဲ့ စစ်အုပ်စုကို မိုင်းဆွဲရာ စစ်ကြောင်းမှူး အပါ ၁၀၀ ကျော် သေ၊

စစ်အုပ်စု ကုန်ကြောင်းက ရိက္ခာမပို့နိုင်လို့ လေကြောင်းကနေ ရိက္ခာထုပ်တွေ ချပေး၊
ရွှေဥ/MFP၊ မတ် – ၃၀
ချင်းပြည်၊ ဖလမ်းမြို့ဘက် စစ်ကူလာတဲ့ စစ်အုပ်စုကို ချင်းတော်လှန်ရေး အင်းအားစုတွေက ကြားဖြတ် မှိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကြောင်းမှူး အပါအဝင် စစ်အုပ်စု ၁၀၀ ကျော် သေပြီး ဒဏ်ရာရသူ လည်း အများအပြား ရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ချင်းပြည်ရဲ့ ဒုတိယမြို့တော် ဖလမ်းမြို့ကို ၂၀၂၅ နှစ်ဆန်းပိုင်းက စတင်ကာ တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထားတာ ဖြစ်ပြီး စစ်အုပ်စုက ဖလမ်းမြို့ ပြန်ရရေး ၂၀၂၅ စက်တင်ဘာမှာ အင်အား ထောင်နဲ့ချီ သုံးပြီး တန်ပြန် ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။
ဖလမ်းမြို့ ပြန်ရရေးအတွက် စစ်အုပ်စုက အင်အား ထောင်ချီ သုံးကာ တန်ပြန်ထိုးစစ်ဆင်နေပေမဲ့ ခြောက်လကြာအထိ ဖလမ်းမြို့ထဲ ခြေမချနိုင်သေးဘဲ လမ်းတလျှောက် တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်လို့ အထိနာ အသေများကာ နောက်ထပ် စစ်ကူတွေ မကြာခဏ ပို့လွှတ်နေရတာ ဖြစ်ပါတယ်။
ယခု မတ်လအတွင်း စစ်ကိုင်းတိုင်း၊ ကလေးမြို့ကတဆင့် ကလေး- သိုင်းငင်းလမ်း အတိုင်း ဖလမ်းမြို့ဘက် စစ်ကူတက်လာတဲ့ အင်အား ၃၀၀ ကျော်ပါ စစ်အုပ်စုကို မတ်လ ၃ရက်ကနေ ၁၉ရက်အတွင်း အသင့်ထောင်ထားတဲ့ မိုင်းတွေနဲ့ အကြိမ်ကြိမ် မိုင်းဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကူတက်လာတဲ့ စစ်အုပ်စုကို ကလေး- သိုင်းငင်းလမ်း၊ သိုင်းငင်းရွာနဲ့ ဇော်ကောင်ရွာအကြား အသင့်ထောင်ထားတဲ့ မိုင်းကွင်းတွေထဲအရောက် ဖောက်ခွဲတိုက်ခိုက်ရာ မိုင်းကွင်း ၁၁ ကွင်း ပေါက်ကွဲပြီး စစ်အုပ်စု စစ်ကြောင်းမှူး အပါအဝင် ၁၀၀ ကျော် သေဆုံးကာ ဒဏ်ရာ ရသူ အများအပြား ရှိတယ်လို့ ချင်းတော်လှန်ရေးတပ် – CDF CDM-SIYIN တာဝန်ရှိသူတစ်ဦးက MFP ကို ပြောပါတယ်။
“သေတဲ့ အထဲမှာ ဗိုလ်မှူးကြီး တစ်ယောက်လည်း ပါတယ်လို့ ကြားတယ်၊ ကျွန်တော်တို့ အခွင့်အရေး ရရင် ရသလို မိုင်းဖောက်တာဆိုတော့ မိုင်းဖောက်တဲ့ နေရာက ကျွန်တော်တို့ ပစ်ကွင်းက ၁၁ ကွင်းလောက် ရှိတယ်၊ အကုန်လုံး မသေဘူးဆိုရင်တောင်မှ ထက်ဝက်နီးပါးတော့ အကုန်လုံး သေကြမယ်။ မိုင်းကွင်းတွေက အကုန်လုံး အောင်မြင်တယ်”



မိုင်းဆွဲခံရတဲ့ စစ်အုပ်စုဟာ ဖလမ်းမြို့ဆီကို ရှေ့ဆက်မတိုးနိုင်ဘဲ သိုင်းငင်းကျေးရွာအနီးက လမ်းမကြီးမှာ ရပ်တန့်နေပြီးတော့ မိုင်းထိ သေဆုံးသူ အလောင်းတွေနဲ့ ဒဏ်ရာ ရသူတွေကို သယ်ထုတ်နေတယ်လို့ ဆိုပါတယ်။
“ဒီစစ်ကြောင်းကို သူတို့ ထပ်ပြီးတော့ အင်အားဖြည့်လာတဲ့ အရိပ်အယောင်ပဲ တွေ့ရတယ်၊ သူတို့ ပြန်ဆုတ်ဖို့တော့ အရိပ်အယောင် မတွေ့ရသေးဘူး။ စစ်ကြောင်းက ရှေ့တော့ မတိုးသေးဘူး။ အဲ့ဒီနေရာမှာပဲ” လို့ CDM-SIYIN တပ်ဖွဲ့ တာဝန်ရှိသူက ဆက်ပြောပါတယ်။
တချိန်တည်းမှာပဲ အဲ့ဒီ စစ်ကူ စစ်အုပ်စုအတွက် ကုန်းလမ်းကနေ ရိက္ခာမပို့နိုင်တာကြောင့် လေယာဉ်တွေ အသုံးပြုကာ လေကြောင်းကတဆင့် ထောက်ပို့နေပြီး မတ် ၂၉ ရက် မနေ့က ဖလမ်းမြို့နယ် မြောက်ပိုင်းရှိ စစ်အုပ်စု အခြေပြုရာ နေရာတွေကို ရိက္ခာထုပ် ၁၀၀ ကျော် လေယာဉ်နဲ့ ချပေးနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။
“ဖလမ်းဘက်က တပ်နဲ့တော့ မပေါင်းနိုင်သေးဘူး။ ရိက္ခာတွေတော့ လေကြောင်းက ပို့နေတယ်”


ဖလမ်းမြို့ ပြန်ရရေး စစ်အုပ်စုရဲ့ ထိုးစစ်စတင်တဲ့ စက်တင်ဘာလက စတင်ကာ လက်ရှိမချိန်ထိ ခြောက်လကျော်အတွင်း စစ်အုပ်စုက ၁၅ ကြိမ်ထက်မနည်း စစ်ကူပို့လွှတ်ခဲ့တယ်လို့လည်း ဒေသခံတော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။
ချင်းပြည်နယ်မှာ မြို့နယ် ရှစ်မြို့နယ် ရှိတဲ့အနက် ဖလမ်းမြို့ အပါအဝင် မြို့နယ် ငါးမြို့နယ်ကို တော်လှန်ရေး တပ်တွေက သိမ်းပိုက်ထားပြီး စစ်အုပ်စုက ဟားခါး၊ ထန်တလန်နဲ့ တီးတိန်မြို့နယ်တွေကို ဆက်လက် ကြီးစိုးထိန်းချုပ်ထားနိုင်တာ ဖြစ်ပါတယ်။
ချင်းပြည်၊ ကလေး – သိုင်းငင်းလမ်းမှာ စစ်အုပ်စုကို မိုင်းဖောက်ခွဲ တိုက်ခိုက်စဉ်/Photo – CDM Siyin
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #ချင်းပြည် #ဖလမ်း #CDM_SIYIN



