စစ်ကိုင်းသတင်း

ဘုတလင် ဆေးရုံ ဗုံးကြဲခံရမှု သေဆုံးသူ ငါးဦး အတည်ပြုနိုင်၊ မွေးကင်းစ ကလေး အပါ နှစ်ဦး ပျောက်နေ၊ ဒဏ်ရာရသူ ၂၀ ကျော်ရှိ၊

သုထက်/MFP၊ မတ် – ၃၀

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ ငပုရင်းရွာ ဆေးရုံကို အာဏာသိမ်း စစ်အုပ်စုက ဂျက်ဖိုက်တာ တိုက်လေယာဉ် လေးစီးနဲ့ ဗုံးပတ်ကြဲ သတ်ဖြတ်ခဲ့ရာ ကလေးသူငယ်နဲ့ လူနာတွေ အပါအဝင် ပြည်သူ ငါးဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ၂၀ ကျော် ရှိတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကိုပြောပါတယ်။

မတ်လ ၃၀ရက် ဒီကနေ့ မွန်းလွဲ ၁နာရီဝန်းကျင်မှာ မန္တလေးမြို့ တံတားဦးနဲ့ မိတ္ထီလာမြို့က တက်လာတဲ့ တိုက်လေယာဉ် သုံးစီးနဲ့ ပထမအကြိမ် ဗုံးကြဲပစ်ခတ်ပြီးနောက် ထိခိုက်သူတွေကို ကူညီကယ်ဆယ်ရေး လုပ်နေချိန် နောက်တစ်နာရီခန့်အကြာ မွန်းလွဲ ၂နာရီခန့်မှာ တိုက်လေယာဉ် တစ်စီးနဲ့ ကူညီကယ်ဆယ်ရေး လုပ်နေသူကို အဓိက ပစ်မှတ်ထားကာ ထပ်မံ ဗုံးကြဲ ပစ်ခတ်တာလို့ ဆိုပါတယ်။

“သေဆုံးက ငါးဦး ရှိသွားပြီ။ အမျိုးသမီး အသက် ၅၅အရွယ်တစ်ဦး၊ ရှစ်နှစ်အရွယ် ကလေးတစ်ဦး အတည်ပြုနိုင်တယ်။ ကျန်တာက အမျိုးသားတွေ။ အသက်အရွယ်ကို အတည်မပြုနိုင်ကြတာ၊ အလောင်းတွေက မပီတော့” လို့ ကူညီကယ်ဆယ်ရေး လုပ်ကိုင်ရာမှာ ပါဝင်တဲ့ ဒေသခံ အမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။

ဗုံးထိမှန်လို့ ခြေပြတ်၊ လက်ပြတ်သူတွေ အပါအဝင် ထိခိုက်ဒဏ်ရာရသူ ၂၀ ကျော် ရှိပြီး မွေးကင်းစ ကလေးတစ်ဦးနဲ့ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးကတော့ အလောင်းရှာမရဘဲ ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။

“အသက်၅၀အရွယ် အမျိုးသမီးတစ်ဦးနဲ့ မွေးကင်းစ ကလေးငယ်တစ်ဦး ပျောက်ဆုံးနေတယ်။ (ဗုံးထိလို့) အလောင်း မကျန်တော့တာလား။ သွေးရူးသွေးတန်းနဲ့ ကြောက်လန့်ပြီး ထွက်ပြေးသွားသလား မသဲကွဲသေးဘူး” လို့ အထက်ပါ ဒေသခံက ဆက်ပြောပါတယ်။

စစ်အုပ်စုဟာ ပထမအကြိမ် တိုက်လေယာဉ် သုံးစီး ဗုံးပတ်ကြဲ ပစ်ခတ်ပြီးနောက် ထိခိုက်ဒဏ်ရာရသူတွေကို ကူညီ ကယ်ဆယ်ရေး လုပ်နေချိန် နောက်ထပ် တိုက်လေယာဉ် တစ်စီးနဲ့ ထပ်မံ လာရောက် ဗုံးကြဲ ပစ်ခတ်တာကြောင့် လူနာတွေ အပါအဝင် ဆေးရုံအနီး ရှိနေသူတွေ ဝရုန်းသုန်းကား ထွက်ပြေးကြရကာ ဘေးလွတ်မယ်ထင်တဲ့ နေရာတွေဆီ ပြေးလွှား ပုန်းခိုနေကြရတာကြောင့် အရေအတွက် အသေးစိတ် အတည်ပြုဖို့ ခက်နေတာလို့ ဆိုပါတယ်။

စစ်အုပ်စု ကြီးစိုးရာ နေပြည်တော်မှာ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သမ္မတ လုပ်ဖို့ စီစဉ် နေပြီး သူ့ကို သစ္စာခံသူတွေကို ရာထူး၊နေရာတွေ ခွဲဝေးချထားပေးနေတဲ့ တချိန်တည်းမှာပဲ နိုင်ငံတဝန်း ပြည်သူကို ပစ်မှတ်ထားတဲ့ ဗုံးကြဲသတ်ဖြတ်မှုတွေ မရပ်မနားဘဲ ဆက်လက် ကျူးလွန်နေတာ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ ဘုတလင်နယ် အပါအဝင် နိုင်ငံတဝန်း ပြည်သူကို ပစ်မှတ်ထားတဲ့ ဗုံးကြဲသတ်ဖြတ်မှုတွေ နေ့စဉ် ကျူးလွန်နေတာ ဖြစ်ပြီး ၂၀၂၅ တစ်နှစ်တာအတွင်း စစ်အုပ်စုရဲ့ လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုကြောင့် နိုင်ငံတဝန်း အရပ်သားပြည်သူ ၂၃၂၀ ကျော် သေဆုံးကာ ၄၁၄၀ ကျော် ဒဏ်ရာရပြီး နေအိမ် ၃၅၇၀ ကျော်၊ ပညာရေးဆိုင်ရာ အဆောက်အအုံ ၁၀၀ ကျော်၊ ကျန်းမာရေး ဆိုင်ရာ အဆောက်အအုံ ၃၀ ကျော်နဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံ ၁၉၀ ပျက်စီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ – NUG က ထုတ်ပြန်ထားပါတယ်။

ဘုတလင်နယ် ငပုရင်းရွာ ဆေးရုံကို စစ်အုပ်စုက ဗုံးကြဲအပြီး တွေ့ရစဉ်/Photo – ပေးပို့

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #ဘုတလင် #ဆေးရုံ

Related Articles

Back to top button