စစ်ကိုင်းသတင်း

ဘုတလင် ဆေးရုံ ဗုံးကြဲခံရမှု သေဆုံးသူ ခြောက်ဦး ရှိလာ၊

ပျောက်ဆုံးသူတွေ ရှာမတွေ့သေးဘဲ ဒေသခံတွေလည်း ဗုံးထပ်ကြဲမှာကြောက်လို့ ထွက်ပြေးနေရ၊

သုထက်/MFP၊ မတ် – ၃၁

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ ငပရင်းရွာ ဆေးရုံကို အာဏာသိမ်း စစ်အုပ်စုက ဂျက်ဖိုက်တာ တိုက်လေယာဉ် လေးစီးနဲ့ ဗုံးပတ်ကြဲ သတ်ဖြတ်ခဲ့ရာ ကလေးသူငယ် အပါအဝင် သေဆုံးတဲ့ ပြည်သူ ခြောက်ဦး ရှိလာပြီး ထိခိုက်ဒဏ်ရာရသူ ၂၀ ကျော် ရှိတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကိုပြောပါတယ်။

မတ်လ ၃၀ရက် မွန်းလွဲ ၁နာရီဝန်းကျင်မှာ မန္တလေးမြို့ တံတားဦးနဲ့ မိတ္ထီလာမြို့က တက်လာတဲ့ တိုက်လေယာဉ် သုံးစီးနဲ့ ပထမအကြိမ် ဗုံးကြဲပစ်ခတ်ပြီးနောက် ထိခိုက်သူတွေကို ကူညီကယ်ဆယ်ရေး လုပ်နေချိန် နောက်တစ်နာရီခန့်အကြာ မွန်းလွဲ ၂နာရီခန့်မှာ တိုက်လေယာဉ် တစ်စီးနဲ့ ထပ်မံ ဗုံးကြဲ ပစ်ခတ်တာလို့ ဆိုပါတယ်။

ဗုံးထိမှန်လို့ နေရာတင် လေးဦး သေဆုံးကာ ဒဏ်ရာရသူတွေထဲက နှစ်ဦး ထပ်မံ သေဆုံးတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ကိုင်ရာမှာ ပါဝင်တဲ့ ဒေသခံ အမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။

သေဆုံးသူတွေဟာ အသက် ရှစ်နှစ်အရွယ် ကလေးတစ်ဦး၊ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးကြီး တစ်ဦးနဲ့ အမျိုးသား လေးဦးတို့ ဖြစ်ပြီး ဗုံးကြဲခံရချိန် ဦးခေါင်းထိခိုက် ဒဏ်ရာရကာ သွေးရူးသွေးတန်း ကြောက်လန့်တကြား ထွက်ပြေးတဲ့ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးကြီးလည်း ပျောက်ဆုံးနေပြီး ဒီကနေ့အထိ ရှာမရသေးဘူးလို့ ဆိုပါတယ်။

“လတ်တလော ဒေသတွင်း (ကျေးရွာတွေ)မှာ လူ မရှိသလောက်ပဲ၊ လေကြောင်း ထပ်ပြီး တိုက်ခိုက်မှာ ကြောက်ပြီး ရှောင်နေကြရတယ်၊ သေဆုံး ခြောက်ယောက် အတည်ပြုနိုင်တယ်၊ ၅၅နှစ်အရွယ် အမျိုးသမီး တစ်ယောက်ကိုတော့ ခုထိ ရှာမတွေ့သေးဘူး” လို့ အထက်ပါ ဒေသခံ အမျိုးသားက ပြောပါတယ်။

ဒဏ်ရာရသူ ၂၀ ကျော်ဟာ ဆေးဝါးကုသနိုင်ဖို့ ကြိုးစားနေကြပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုရဲ့ လေကြောင်း အန္တရာယ်ကြောင့် ငပရင်းနဲ့ စီပါရွာ အပါအဝင် ဘုတလင်နယ် မြောက်ခြမ်း ကျေးရွာတွေက ပြည်သူ အများစုဟာ ရွာထဲ မနေရဲဘဲ ဘေးလွတ်မယ်ထင်တဲ့ နေရာတွေဆီ ထွက်ပြေး ပုန်းရှောင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ငပယင်းရွာရှိ ဗုံးကြဲခံလိုက်ရတဲ့ ဆေးရုံဟာ ဘုတလင်နယ်သာမက အနီးဝန်းကျင် ကျေးရွာတွေက ပြည်သူတွေ အားကိုးအားထားပြုနေရတဲ့ ဆေးရုံဖြစ်ပြီး ဗုံးဒဏ်ကြောင့် ကုသရေး အဆောက်အအုံတွေနဲ့ ဆေးရုံသုံး ရေကန်တွေ ပျက်စီးတယ်လို့ ဆိုပါတယ်။ လူနာတွေရဲ့ ဆိုင်ကယ်တွေလည်း ပျက်စီးတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်အုပ်စုက ဘုတလင်နယ်ကို အင်တာနက်ဆက်သွယ်ရေးလိုင်းတွေ ဆက်လက် ဖြတ်တောက်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စု အနေနဲ့ ဘုတလင်မြို့ပေါ် အုပ်ချုပ်ရေး လုပ်ငန်းတွေ မလည်ပတ်နိုင်တာ နှစ်အတော်ကြာပြီ ဖြစ်ပြီး စစ်အုပ်စု လက်နက်ကိုင်တွေကတော့ ဘုတလင်ရဲစခန်းနဲ့ ထွေအုပ်ရုံးထဲ ခိုအောင်းကာ ပြည်သူကို လက်နက်ပြ မိုက်ကြေးခွဲတာ၊ ပေါ်တာဆွဲတာတွေ ကျူးလွန်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အုပ်စု ကြီးစိုးရာ နေပြည်တော်မှာ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သမ္မတ လုပ်ဖို့ စီစဉ် နေပြီး သူ့ကို သစ္စာခံသူတွေကို ရာထူး၊နေရာတွေ ခွဲဝေးချထားပေးနေတဲ့ တချိန်တည်းမှာပဲ နိုင်ငံတဝန်း ပြည်သူကို ပစ်မှတ်ထားတဲ့ ဗုံးကြဲသတ်ဖြတ်မှုတွေ မရပ်မနားဘဲ ဆက်လက် ကျူးလွန်နေတာ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ ဘုတလင်နယ် အပါအဝင် နိုင်ငံတဝန်း ပြည်သူကို ပစ်မှတ်ထားတဲ့ ဗုံးကြဲသတ်ဖြတ်မှုတွေ နေ့စဉ် ကျူးလွန်နေတာ ဖြစ်ပြီး ၂၀၂၅ တစ်နှစ်တာအတွင်း စစ်အုပ်စုရဲ့ လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုကြောင့် နိုင်ငံတဝန်း အရပ်သားပြည်သူ ၂၃၂၀ ကျော် သေဆုံးကာ ၄၁၄၀ ကျော် ဒဏ်ရာရပြီး နေအိမ် ၃၅၇၀ ကျော်၊ ပညာရေးဆိုင်ရာ အဆောက်အအုံ ၁၀၀ ကျော်၊ ကျန်းမာရေး ဆိုင်ရာ အဆောက်အအုံ ၃၀ ကျော်နဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံ ၁၉၀ ပျက်စီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ – NUG က ထုတ်ပြန်ထားပါတယ်။

ဘုတလင်နယ် ငပုရင်းရွာ ဆေးရုံကို စစ်အုပ်စုက ဗုံးကြဲအပြီး တွေ့ရစဉ်/Photo – ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #ဘုတလင် #ဆေးရုံ

Related Articles

Back to top button