ဘုတလင် ဆေးရုံ ဗုံးကြဲခံရမှု ပျောက်နေတဲ့ မွေးကင်းစကလေးနဲ့ အမျိုးသမီးရဲ့ အလောင်း ရှာတွေ့၊
ဗုံးထိလို့ ခြေတစ်ဖက်ပြတ်တဲ့ အဖွားက လေယာဉ် ထပ်လာချိန် မြေးကို ပွေ့ချီပြေးရင်း နှစ်ဦးလုံး သေဆုံးတာ ဖြစ်၊

သေဆုံးသူ ရှစ်ဦး ရှိလာပြီး ခြေပြတ်လက်ပြတ်သူတွေ အပါအဝင် ဒဏ်ရာရသူ ၂၀ ကျော်၊
သုထက်/MFP၊ မတ် – ၃၁
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ ငပရင်းရွာ ဆေးရုံကို အာဏာသိမ်း စစ်အုပ်စုက ဂျက်ဖိုက်တာ တိုက်လေယာဉ် လေးစီးနဲ့ ဗုံးပတ်ကြဲချိန် ပျောက်ဆုံးနေတဲ့ မွေးကင်းစ ကလေးနဲ့ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးကြီးတို့ရဲ့ အလောင်းတွေကို ဗုံးကြဲခံရတဲ့ နေရာနဲ့ မနီးမဝေး ဘုရားအို ဘုရားပျက်တွေကြားမှာ ပြန်တွေ့ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကိုပြောပါတယ်။
မတ်လ ၃၀ရက် မွန်းလွဲ ၁နာရီဝန်းကျင်မှာ မန္တလေးမြို့ တံတားဦးနဲ့ မိတ္ထီလာမြို့က တက်လာတဲ့ တိုက်လေယာဉ် သုံးစီးနဲ့ ပထမအကြိမ် ဗုံးကြဲပစ်ခတ်ပြီးနောက် ထိခိုက်သူတွေကို ကူညီကယ်ဆယ်ရေး လုပ်နေချိန် နောက်တစ်နာရီခန့်အကြာ မွန်းလွဲ ၂နာရီခန့်မှာ တိုက်လေယာဉ် တစ်စီးနဲ့ ထပ်မံ ဗုံးကြဲ ပစ်ခတ်တာ ဖြစ်ပါတယ်။
ဗုံးထိမှန်လို့ ပွဲချင်းပြီး သေဆုံးသူ လေးဦး အပါအဝင် အသက် ရှစ်နှစ်အရွယ် ကလေးတစ်ဦး၊ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးကြီး တစ်ဦးနဲ့ အမျိုးသား လေးဦး၊ စုစုပေါင်း ခြောက်ဦး သေဆုံးကာ ဒဏ်ရာရသူ ၂၀ ကျော် ရှိခဲ့ပါတယ်။
ဒါ့အပြင် စစ်အုပ်စုက ဒုတိယအကြိမ် ထပ်မံ ဗုံးကြဲချိန် ဒဏ်ရာရသူတွေ အပါအဝင် ဒေသခံ အများအပြားဟာ ဝရုန်းသုန်းကား ထွက်ပြေးကြရပြီး အဲ့ဒီလို ထွက်ပြေးသူတွေထဲက မွေးကင်းစ ကလေးနဲ့ အသက် ၅၅ နှစ်အရွယ် အမျိုးသမီးကြီးတို့ ပျောက်ဆုံးနေခဲ့ကာ ဒီကနေ့ မတ်လ ၃၁ရက် ညနေပိုင်းမှာတော့ အဲ့ဒီ ပျောက်ဆုံးနေသူ မြေးအဖွားနှစ်ဦးရဲ့ အလောင်းကို ပြန်ရှာတွေ့တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ကိုင်ရာမှာ ပါဝင်တဲ့ ဒေသခံ အမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။
“ဒီနေ့ ညနေ ၅နာရီလောက် ရှာတွေ့တာ။ အဒေါ်ကြီးက ဘုရားထဲမှာ မှောက်လျက်သားနဲ့ အလောင်း ဆွဲလှန်လိုက်မှ ကလေးကို တွေ့ရတာ၊ အဒေါ်ကြီးမှာ ခြေတစ်ဖက် (ဗုံးထိမှန် ပြတ်တောက်) မပါတော့ဘူး၊ မွေးကင်းစကလေးမှာ ဒဏ်ရာမပါဘူး။ ဖိမိပြီး သေဆုံးတာ ဖြစ်နိုင်တယ်”


သေဆုံးသူ မြေးအဖွားနှစ်ဦးအနက် အဖွားဖြစ်သူဟာ ဗုံးထိမှန်လို့ ခြေတစ်ဖက်ပြတ်ထွက် ဒဏ်ရာရပြီး ကူညီကယ်ဆယ်ရေး လုပ်နေချိန် နောက်ထပ် လေယာဉ်နဲ့ ထပ်မံ ဗုံးကြဲတာကြောင့် သွေးရူးသွေးတန်း ကြောက်လန့်တကြား ထွက်ပြေးရာက လဲကျမေ့မျောကာ ကလေးကိုပါ ဖိမိပြီး နှစ်ဦးလုံး သေဆုံးတာ ဖြစ်မယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဆေးရုံရဲ့ အနောက်တောက်ဖက် ဘုရားအတွင်းက ပြန်တွေ့တာ။ ကလေးရော လူကြီးပါ သေဆုံးနေပြီ။ သူတို့က ပြေးရင်းနဲ့ ဘုရားထဲ ဝင်ပုန်းတာ ထင်တယ်။ ဆေးရုံနဲ့ ဘုရားက မြေတစ်ကွက်နဲ့ လမ်းပဲခြားတာ။ မီတာ ၁၅၀နီးပါး ဝေးတယ်။ ဘုရားတွေ အများကြီးရှိတယ်၊ ရှေးဟောင်းဘူရားတွေ” လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူက MFP ကို ပြောပါတယ်။
စစ်အုပ်စုဟာ အဲ့ဒီ ငပရင်းရွာအနီး ဆေးရုံကို ပထမအကြိမ် တိုက်လေယာဉ် သုံးစီး ဗုံးကြဲ ပစ်ခတ်ပြီးနောက် ထိခိုက်ဒဏ်ရာရသူတွေကို ကူညီ ကယ်ဆယ်ရေး လုပ်နေချိန် နောက်ထပ် တိုက်လေယာဉ် တစ်စီးနဲ့ ထပ်မံ လာရောက် ဗုံးကြဲ ပစ်ခတ်ရာ ထိခိုက်ဒဏ်ရာရသူတွေ အပါအဝင် ဆေးရုံအနီး ရှိနေသူတွေ ဝရုန်းသုန်းကား ထွက်ပြေးကြရကာ ဘေးလွတ်မယ်ထင်တဲ့ နေရာတွေဆီ ပြေးလွှား ပုန်းခိုနေကြရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ပထမအကြိမ် ကြဲပြီး ဒုတိယအကြိမ် ကြဲတော့ လူတွေက သိပ်မကပ်ရဲတော့ဘူး။ (လေယာဉ်သံ ငြိမ်မှ ပြန်လာပြီး ကူကြ၊ကယ်ကြသူရှိ) ဒုတိယအကြိမ်က အဆောက်အဦးတွေ အများကြီး ပျက်စီးတယ်”


အဲ့ဒီ ဗုံးကြဲခံရမှုကြောင့် ခြေပြတ်လက်ပြတ်သူတွေ အပါအဝင် ဒဏ်ရာရသူ ၂၀ ကျော်ရှိပြီး ဆေးဝါးကုသနိုင်ဖို့ ကြိုးစားနေကြကာ အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်အုပ်စုရဲ့ လေကြောင်း အန္တရာယ်ကြောင့် ငပရင်းနဲ့ စီပါရွာ အပါအဝင် ဘုတလင်နယ် မြောက်ခြမ်း ကျေးရွာတွေက ပြည်သူ အများစုဟာ ရွာထဲ မနေရဲဘဲ ဘေးလွတ်မယ်ထင်တဲ့ နေရာတွေဆီ ထွက်ပြေး ပုန်းရှောင်နေကြတယ်လို့ အထက်ပါ ဒေသခံ အမျိုးသားက ပြောပါတယ်။
“လတ်တလော ဒေသတွင်း (ကျေးရွာတွေ)မှာ လူ မရှိသလောက်ပဲ၊ လေကြောင်း ထပ်ပြီး တိုက်ခိုက်မှာ ကြောက်ပြီး ရှောင်နေကြရတယ်”
ငပယင်းရွာရှိ ဗုံးကြဲခံလိုက်ရတဲ့ ဆေးရုံဟာ ဘုတလင်နယ်သာမက အနီးဝန်းကျင် ကျေးရွာတွေက ပြည်သူတွေ အားကိုးအားထားပြုနေရတဲ့ ဆေးရုံဖြစ်ပြီး ဗုံးဒဏ်ကြောင့် ကုသရေး အဆောက်အအုံတွေနဲ့ ဆေးရုံသုံး ရေကန်တွေ ပျက်စီးတယ်လို့ ဆိုပါတယ်။ လူနာတွေရဲ့ ဆိုင်ကယ်တွေလည်း ပျက်စီးတယ်လို့ ဆိုပါတယ်။


လက်ရှိမှာ စစ်အုပ်စုက ဘုတလင်နယ်ကို အင်တာနက်ဆက်သွယ်ရေးလိုင်းတွေ ဆက်လက် ဖြတ်တောက်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စု အနေနဲ့ ဘုတလင်မြို့ပေါ် အုပ်ချုပ်ရေး လုပ်ငန်းတွေ မလည်ပတ်နိုင်တာ နှစ်အတော်ကြာပြီ ဖြစ်ပြီး စစ်အုပ်စု လက်နက်ကိုင်တွေကတော့ ဘုတလင်ရဲစခန်းနဲ့ ထွေအုပ်ရုံးထဲ ခိုအောင်းကာ ပြည်သူကို လက်နက်ပြ မိုက်ကြေးခွဲတာ၊ ပေါ်တာဆွဲတာတွေ ကျူးလွန်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်အုပ်စု ကြီးစိုးရာ နေပြည်တော်မှာ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သမ္မတ လုပ်ဖို့ စီစဉ် နေပြီး သူ့ကို သစ္စာခံသူတွေကို ရာထူး၊နေရာတွေ ခွဲဝေးချထားပေးနေတဲ့ တချိန်တည်းမှာပဲ နိုင်ငံတဝန်း ပြည်သူကို ပစ်မှတ်ထားတဲ့ ဗုံးကြဲသတ်ဖြတ်မှုတွေ မရပ်မနားဘဲ ဆက်လက် ကျူးလွန်နေတာ ဖြစ်ပါတယ်။
စစ်အုပ်စုဟာ ဘုတလင်နယ် အပါအဝင် နိုင်ငံတဝန်း ပြည်သူကို ပစ်မှတ်ထားတဲ့ ဗုံးကြဲသတ်ဖြတ်မှုတွေ နေ့စဉ် ကျူးလွန်နေတာ ဖြစ်ပြီး ၂၀၂၅ တစ်နှစ်တာအတွင်း စစ်အုပ်စုရဲ့ လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုကြောင့် နိုင်ငံတဝန်း အရပ်သားပြည်သူ ၂၃၂၀ ကျော် သေဆုံးကာ ၄၁၄၀ ကျော် ဒဏ်ရာရပြီး နေအိမ် ၃၅၇၀ ကျော်၊ ပညာရေးဆိုင်ရာ အဆောက်အအုံ ၁၀၀ ကျော်၊ ကျန်းမာရေး ဆိုင်ရာ အဆောက်အအုံ ၃၀ ကျော်နဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံ ၁၉၀ ပျက်စီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ – NUG က ထုတ်ပြန်ထားပါတယ်။



စစ်အုပ်စုက တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲခဲ့တဲ့ ဘုတလင်နယ် ငပုရင်းရွာ ဆေးရုံ/Photo – ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #စစ်ကိုင်း #ဘုတလင် #ဆေးရုံ



