
ဖိုးချို/MFP၊ ဧပြီ – ၂
မန္တလေးမြို့မှာ အာဏာသိမ်း စစ်အုပ်စုက တကျော့ပြန် ပေါ်တာအဆွဲကြမ်းနေပြီး မြို့ပေါ် ရပ်ကွက် တချို့မှာ နေ့၊ညမရှောင် အိမ်ပေါ်အထိ တက်ပြီး ပေါ်တာဆွဲကာ လူငယ်လူရွယ်တွေကို အသေခံ စစ်သားသစ် စုဆောင်းနေတယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။
ပြီးခဲ့တဲ့ အတုအယောင် ရွေးကောက်ပွဲကာလအတွင်း ပြည်သူတွေက မဲထည့်လို့ ရွေးကောက်ပွဲ အောင်မြင်ပါက ပေါ်တာဆွဲတာတွေ မရှိတော့ဘူးလို့ ပြောဆိုစည်ရုံးကာ မန္တလေးမြို့ပေါ် ရပ်ကွက် တချို့မှာ စစ်အုပ်စုက ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းတာတွေ ယာယီရပ်နားထားပေမဲ့ ယခုရက်ပိုင်း ပေါ်တာဆွဲတာတွေ ခပ်စိပ်စိပ် ပြန်လုပ်နေတာလို့ ဆိုပါတယ်။
မန္တလေးမြို့ မဟာအောင်မြေမြို့နယ်အတွင်း ရပ်ကွက်တွေမှာတော့ စစ်အုပ်စုက ပေါ်တာဆွဲ လူသစ်စု တာတွေ လစဉ် ပုံမှန်လုပ်နေပြီး ယခုလပိုင်း ပိုမိုဆိုးရွား သောင်းကျန်းလာကာ အိမ်ပေါ်အထိ တက်ပြီး ပေါ်တာဆွဲ နေတယ်လို့ ရပ်ကွက်ခံတွေက ပြောပါတယ်။
“ရပ်ကွက်ထဲက လူငယ်တစ်ယောက် ဆိုရင် ညနေနေဝင်စအချိန် ထမင်းစားနေတုန်း အိမ်ထဲထိ ဝင်ဖမ်းပြီး ပေါ်တာဆွဲခံရလို့ အခုတော့ စစ်တပ်ထဲ ရောက်သွားတယ်” လို့ ရပ်ကွက်ခံတစ်ဦးက ပြောပါတယ်။
ဧပြီ ၁ ရက် မနေ့က ညပိုင်း စိန်ပန်းရပ်ကွက်ထဲ စစ်အုပ်စုက ပေါ်တာလိုက်ဆွဲနေတယ်လို့ သတင်းကြားကြောင်း မြို့ခံတချို့က ပြောပါတယ်။
“မနေ့ညကလည်း လမ်းပေါ်မှာ ပေါ်တာဆွဲတယ်လို့ ကြားတယ်၊ ဘယ်သူတွေ ပါသွားလဲတော့ မသိဘူး၊ အခုလို အဓမ္မ အကြမ်းဖတ်ပြီး လူငယ်တွေကို နေအိမ်ထဲဝင်ဖမ်းတာတွေကို ရပ်ကွက်အုပ်ကြီး မြတ်သူ က လုပ်နေတာ၊ သူက စစ်တပ်အတွက် တစ်လသတ်မှတ်ထားတဲ့ လူရှာပေးရတယ်၊ သူ့ဆီ ပိုက်ဆံပေးထားတဲ့ အိမ်တွေဆို စစ်မှုထမ်းအတွက် မဲတောင်သွားနှိုက်စရာမလိုဘူး၊ အဲဒီကောင်က အာဏာသိမ်းပြီးကတည်းက စိန်ပန်းက လူတွေကို အမျိုးမျိုးဒုက္ခပေးနေတာ” လို့ ရပ်ကွက်ခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် မန္တလေးမြို့ပေါ် ရပ်ကွက်တွေမှာ စစ်အုပ်စုနဲ့ ပျူတွေက ဧည့်စာရင်းစစ်၊ ငွေညှစ်တာတွေလည်း ပိုမို အရှိန်မြှင့် လုပ်ဆောင်နေပြီး ညပိုင်း ရပ်ကွက်ထဲ ဧည့်စာရင်း ဝင်စစ်ရာမှာလည်း ခြင်ထောင်ထဲအထိ ဝင်ရောက် စစ်ဆေးကာ ပေါ်တာဆွဲ၊ ငွေညှစ်တာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

မန္တလေးမြို့ပေါ်မှာ စစ်အုပ်စုရဲ့ ပေါ်တာဆွဲခံရပြီးနောက် မိသားစုက ပြန်ရွေးထုတ်လိုပါက အနည်းဆုံး ကျပ်သိန်း ၁၀၀ ကျော် ကုန်ကျပြီး လူစားထိုးစရာ မရှိပါက ငွေပေးပြီး ပြန်ရွေးထုတ်လို့ မရဘဲ အသေခံ စစ်သားသစ်အဖြစ် စုဆောင်းခံကြရတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုဟာ ၂၀၂၄ မတ်လက စလို့ နိုင်ငံတဝန်းက လူငယ်လူရွယ်တွေကို ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းကာ ရက်တိုစစ်သင်တန်း ပေးပြီးနောက် တိုက်ပွဲဖြစ်နေတဲ့ နေရာတွေဆီ ပို့လွှတ်ကာ အသေခံ စစ်သားအဖြစ် အသုံးချနေတာ ဖြစ်ပါတယ်။

မန္တလေးမြို့ရှိ စီးပွားရေး လုပ်ငန်းရှင်တွေ အများစု နေထိုင်တဲ့ ရပ်ကွက်တွေမှာတော့ စစ်အုပ်စုက ပေးတာမဆွဲဘဲ ရပ်ကွက်တွင်းရှိ အိမ်တိုင်းစေ့ လစဉ် စစ်မှုထမ်းကြေး ကောက်ခံကာ စစ်အုပ်စုက အဲ့ဒီ ရလာတဲ့ ငွေနဲ့ ပေါ်တာဆွဲထားတဲ့သူကို လူစားထိုးထည့်ပေးနေတယ်လို့လည်း ဆိုပါတယ်။
စစ်အုပ်စုက ပေါ်တာစဆွဲတဲ့ ၂၀၂၄ မတ်လက စတင်ပြီး နှစ်နှစ်တာအတွင်း နိုင်ငံတဝန်း ပေါ်တာဆွဲခံရကာ အသေခံ စစ်သားအဖြစ် စုဆောင်းခံရသူ အနည်းဆုံး တစ်သိန်းကျော် ရှိတယ်လို့ စစ်အုပ်စု ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စောင့်ကြည့်နေတဲ့ သုတေသနအဖွဲ့တွေက ဆိုပါတယ်။

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ရတနာဘုမ္မိအရှေ့ရပ်ကွက်နဲ့ ဟေမမာလာမြောက်ရပ်ကွက်ရှိ စစ်အုပ်စုနဲ့ ပျူတွေကို တွေ့ရစဉ်/Photo – စစ်အုပ်စု
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #မန္တလေး #မဟာအောင်မြေ #ပေါ်တာဆွဲ



