စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

မုံရွာ ဗောဓိတစ်ထောင်အနီးရှိ ဆေးရုံကို စစ်အုပ်စု တိုက်လေယာဉ် ငါးစီးနဲ့ ဗုံးကြဲ၊

ဘုတလင်နယ် ဆေးရုံကို ဗုံးကြဲသတ်ဖြတ်ပြီး ရက်ပိုင်းအကြာ မုံရွာနယ်ဆေးရုံကို ဗုံးကြဲတာဖြစ်၊

အညာ ပြည်သူတွေ အားကိုးနေရတဲ့ ဆေးရုံဆေးခန်းတွေကို စစ်အုပ်စု ပစ်မှတ်ထား ဗုံးကြဲနေ၊

ဘုန်းစိုး/MFP၊ ဧပြီ – ၂

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်။ ဗောဓိတစ်ထောင် ဘုရားအနီးရှိ ယာယီ ဆေးရုံကို အာဏာသိမ်း စစ်အုပ်စုက ဒီကနေ့ ညနေပိုင်း ဂျက်ဖိုက်တာ တိုက်လေယာဉ် ငါးစီးနဲ့ ထင်တိုင်းကျဲ ဗုံးကြဲ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဧပြီ ၂ ရက် ဒီကနေ့ ညနေ ၃ နာရီ ၀န်းကျင်မှာ မုံရွာ ဗောဓိတစ်ထောင် ဘုရားအနီးရှိ ဒေသခံပြည်သူတွေ အားကိုးအားထား ပြုနေရတဲ့ ဆေးရုံကို စစ်အုပ်စုက တိုက်လေယာဉ် ငါးစီးနဲ့ ၁၂ ကြိမ် ဗုံးကြဲကာ ပစ်ခတ်တိုက်ခိုက်တာလို့ ဆိုပါတယ်။

“ဂျက်ဖိုက်တာ ငါးစီးနဲ့ လာချတာ ညနေ ပိုင်းကပဲ” လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

မန္တလေးမြို့ တံတားဦးက တက်လာတဲ့ တိုက်လေယာဉ်တွေနဲ့ ဗုံးလာကြဲတာ ဖြစ်တယ်လို့ မုံရွာမြိုနယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ အဖွဲ့၀င် တစ်ဦးကလည်း MFP ကို ပြောပါတယ်။

ယခုရက်ပိုင်း စစ်အုပ်စုက စစ်ကိုင်းတိုင်းထဲရှိ ဆေးရုံဆေးခန်းတွေကို ဗုံးပတ်ကြဲနေပြီး မုံရွာနယ် ဗောဓိတစ်ထောင် ဆေးရုံကိုလည်း ဗုံးလာကြဲနိုင်တယ်ဆိုတဲ့ သတိပေးချက်တွေကြောင့် ဆေးရုံရှိ လူနာတွေကို ရွှေ့ပြောင်းထားနိုင်လို့ ထိခိုက် သေဆုံးသူတော့ မရှိဘဲ ဆေးရုံ အဆောက်အအုံတွေသာ ပျက်စီးတယ်လို့ ဆိုပါတယ်။

“လူထိတာတော့ မရှိဘူး၊ အဆောက်အဦးတွေနဲ့ ဆေးပစ္စည်းတွေတော့ ပျက်စီးသွားတယ်” လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

စစ်အုပ်စုက ဗုံးကြဲပစ်ခတ် ဖျက်ဆီးတဲ့ ဗောဓိတစ်ထောင် ဆေးရုံဟာ မုံရွာနယ် သာမက ဒေသတွင်းမှာ ရှိတဲ့ မွေးလူနာ၊ ခွဲလူနာ တွေကို ကုသပေးနေတဲ့ ဆေးရုံဖြစ်ပြီး တော်လှန်ရေး အဖွဲ့တွေ ဦးစီးလည်ပတ်တာ မဟုတ်ဘဲ အရပ်ဘက်လူထု ဆေးရုံဖြစ်တယ်လို့ ဆိုပါတယ်။

မတ်လ ၃၀ရက်ကလည်း မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ ငပရင်းရွာ ဆေးရုံကို အာဏာသိမ်း စစ်အုပ်စုက ဂျက်ဖိုက်တာ တိုက်လေယာဉ် လေးစီးနဲ့ ဗုံးပတ်ကြဲခဲ့ရာ မွေးကင်းစ ကလေးနဲ့ အမျိုးသမီးတွေ အပါအဝင် ဆေးရုံမှာ ကုသမှုခံယူနေသူ ခုနှစ်ဦး သေဆုံးကာ လူ ၂၀ ကျော် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

အဲ့ဒီ ဘုတလင်နယ် ငပရင်းဆေးရုံကို အာဏာသိမ်း စစ်အုပ်စုက မန္တလေးမြို့ တံတားဦးနဲ့ မိတ္ထီလာမြို့က တက်လာတဲ့ တိုက်လေယာဉ် သုံးစီးနဲ့ ပထမအကြိမ် ဗုံးကြဲပစ်ခတ်ပြီးနောက် ထိခိုက်သူတွေကို ကူညီ ကယ်ဆယ်ရေး လုပ်နေချိန် နောက်တစ်နာရီခန့်အကြာ တိုက်လေယာဉ် တစ်စီးနဲ့ ထပ်မံ ဗုံးကြဲ ပစ်ခတ်တာ ဖြစ်ပါတယ်။ ဗုံးထိမှန်လို့ လူနာ လေးဦး ပွဲချင်းပြီး သေဆုံးပြီး ဒဏ်ရာရသူတွေထဲက သုံးဦး ထပ်မံ သေဆုံတာလို့ ဒေသခံတွေက ပြောပါတယ်။

ဗုံးကြဲခံလိုက်ရတဲ့ ငပယင်းရွာရှိ ဆေးရုံဟာလည်း ဘုတလင်နယ်သာမက အနီးဝန်းကျင် ကျေးရွာတွေက ပြည်သူတွေ အားကိုးအားထားပြုနေရတဲ့ ဆေးရုံဖြစ်ပြီး ဗုံးဒဏ်ကြောင့် ကုသရေး အဆောက်အအုံတွေနဲ့ ဆေးရုံသုံး ရေကန်တွေ ပျက်စီးသလို လူနာတွေရဲ့ ဆိုင်ကယ်တွေလည်း ပျက်စီးတယ်လို့ ဆိုပါတယ်။

“အဲ့နား မုံရွာ၊ ဒီပဲယင်း၊ ဘုတလင် ရွာအားလုံးနီးနီးက အဲ့ဆေးရုံပဲ အားကိုးတက်ကြရတာ။ မုံရွာမြို့ပေါ် ၊ မန္တလေး အထိသွားမယ်ဆို လမ်းခရီး အခြေအနေမကောင်းလို့ အဲ့ ကိုယ်ထူကိုယ်ထ ဆေးရုံလေးကို အားကိုးကြရတာ။ ကလေးမွေးလည်း အဲ့ဆေးရုံ၊ ဒဏ်ရာအနာတရဖြစ်လည်း အဲ့ဆေးရုံ၊ ဗိုက်အောင့် ဘာညာကအစ အဲ့ငပရင်းဆေးရုံသေးလေးကို အားကိုးနေရတာ။ ဘာ PDF မှလည်း မရှိဘူး။  ဆရာဝန်တွေကလည်း cdm လုပ်ထားတဲ့ အထူးကုတွေ၊ တော်တော်လည်း တော်ရှာတာ။ အခုတော့ သနားပါတယ်၊ အဲ့က wifi နဲ့ အင်တာနက်ရလို့နေမှာ၊ တစ်ယောက်ယောက်က သတင်းပေးလို့ နေမှာ။ အဓိက က cdm ဆရာဝန်တွေကို သေစေချင်လို့နေမှာ။ တော်တော်ယုတ်မာတာပဲ ရက်စက်လိုက်ကြတာ” လို့ ဘုတလင်နယ် ငပရင်းဆေးရုံ ဗုံးကြဲခံရတဲ့အပေါ် ဒေသခံတစ်ဦးက မှတ်ချက်ပြုပါတယ်။

စစ်အုပ်စု ကြီးစိုးရာ နေပြည်တော်မှာ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သမ္မတ လုပ်ဖို့ စီစဉ် နေပြီး သူ့ကို သစ္စာခံသူတွေကို ရာထူး၊နေရာတွေ ခွဲဝေးချထားပေးနေတဲ့ တချိန်တည်းမှာပဲ နိုင်ငံတဝန်း ပြည်သူကို ပစ်မှတ်ထားတဲ့ ဗုံးကြဲသတ်ဖြတ်မှုတွေ မရပ်မနားဘဲ ဆက်လက် ကျူးလွန်နေတာ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ ဘုတလင်နယ် အပါအဝင် နိုင်ငံတဝန်း ပြည်သူကို ပစ်မှတ်ထားတဲ့ ဗုံးကြဲသတ်ဖြတ်မှုတွေ နေ့စဉ် ကျူးလွန်နေတာ ဖြစ်ပြီး ၂၀၂၅ တစ်နှစ်တာအတွင်း စစ်အုပ်စုရဲ့ လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုကြောင့် နိုင်ငံတဝန်း အရပ်သားပြည်သူ ၂၃၂၀ ကျော် သေဆုံးကာ ၄၁၄၀ ကျော် ဒဏ်ရာရပြီး နေအိမ် ၃၅၇၀ ကျော်၊ ပညာရေးဆိုင်ရာ အဆောက်အအုံ ၁၀၀ ကျော်၊ ကျန်းမာရေး ဆိုင်ရာ အဆောက်အအုံ ၃၀ ကျော်နဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံ ၁၉၀ ပျက်စီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ – NUG က ထုတ်ပြန်ထားပါတယ်။

မုံရွာ ဗောဓိတစ်ထောင်အနီးရှိ ဆေးရုံကို အာဏာသိမ်း စစ်အုပ်စုက တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲလို့ ပျက်စီးမှုတွေကို တွေ့ရစဉ်/Photo – ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #မုံရွာ #ဆေးရုံ

Related Articles

Back to top button