မကွေး ရေနံတွင်းတွေကို NUG နဲ့ ယူနစ်အစိုးရတို့ ပေါင်းပြီး ကြီးကြပ်ရေးအဖွဲ့ဖွဲ့ကာ စီမံမယ်၊ ပခုက္ကူ ရေနံတွင်းတွေဆီ လာဝိုင်းတဲ့ NUG တပ်တွေ ပြန်ရုပ်ဖို့ရှိဟုဆို၊

ဒီဒီ/MFP၊ ဧပြီ-၄
မကွေးတိုင်းအတွင်း ရေနံတွင်းနဲ့ ရေနံသယံဇာတ ခွဲဝေရေးနဲ့ ပတ်သတ်ပြီး အမျိုးသား ညီညွတ်ရေး အစိုးရ – NUG နဲ့ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့ ပူးပေါင်းကာ ကြီးကြပ်ရေး အဖွဲ့ဖွဲ့စည်းပြီး အဲ့ဒီ အဖွဲ့က စီမံကိုင်တွယ်ဖို့ နှစ်ဖက် သဘောတူညီချက် ရရှိခဲ့တယ်လို့ မကွေးယူနစ်အစိုးရ ဝန်ကြီးချုပ် ဒေါက်တာ ရဲထွန်းဇော်က MFP ကို ပြောပါတယ်။
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်နဲ့ မြိုင်မြို့နယ်ရှိ ဒေသခံ တော်လှန်ရေးတပ်တွေ သိမ်းပိုက် ထိန်းချုပ်ထားတဲ့ ရေနံမြေတွေကို ထိန်းချုပ်စီမံဖို့ဆိုပြီး NUG ကာကွယ်ရေးဝန်ကြီးဌာန – MOD က မတ်လ ၃၀ရက်မှာ PDF အင်အား ၃၀၀ လောက်နဲ့ ရုတ်တရက် ဝင်ရောက်လို့ ဒေသခံတပ်တွေနဲ့ တင်းမာမှု ဖြစ်ပွားခဲ့ရာ ပြေလည်မှု ရရှိရေး NUG နဲ့ မကွေးယူနစ်အစိုးရ၊ မကွေးယူနစ်လွှတ်တော်တို့ နှစ်ရက်တာ ညှိနှိုင်းခဲ့ကြတာ ဖြစ်ပါတယ်။
ဧပြီ ၂ရက်က ဆွေးနွေးပွဲမှာ အပြုသဘောဆောင်တဲ့ ရလဒ် ထွက်ပေါ်ခဲ့ပြီး ဧပြီ ၃ရက် မနေ့က ပြုလုပ်တဲ့ ညှိနှိုင်း ဆွေးနွေးပွဲမှာတော့ အထက်ပါအတိုင်း မကွေးရှိ ရေနံတွင်းနဲ့ ရေနံသယံဇာတ ခွဲဝေရေးနဲ့ ပတ်သက်လို့ ကြီးကြပ်ရေးအဖွဲ့ဖွဲ့ကာ စီမံကိုင်တွယ်ဖို့ သဘောတူ ဆုံးဖြတ်ခဲ့ကြတယ်လို့ မကွေးယူနစ် ဝန်ကြီးချုပ် ဒေါက်တာ ရဲထွန်းဇော်က ပြောပါတယ်။
“ရေနံနဲ့ ရေနံထွက်လုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ ပေါ့လေ၊ ပြည်ထောင်စု ဝန်ကြီးတွေရော ယူနစ်က ဝန်ကြီးတွေရော ပါတဲ့ အဖွဲ့ကနေပြီးတော့ စီမံပြီးတော့ ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်”
ကြီးကြပ်ရေးအဖွဲ့ဖွဲ့ကာ စီမံကိုင်တွယ်ဖို့ သဘောတူညီချက် ရပြီဖြစ်တာကြောင့် ပခုက္ကူနယ်၊ ရေနံတွင်း ဒေသတွေဆီ ရောက်ရှိနေတဲ့ တပ်တွေလည်း ပြန်ရုပ်သိမ်းမယ့် လုပ်ငန်းစဉ်တွေ ရှိတယ်လို့ မကွေးယူနစ် ဝန်ကြီးချုပ်က ဆက်ပြောပါတယ်။
“စီမံပြီးတော့ ကိုင်တွယ်ပြီးတော့ ရေနံမြေကိစ္စတွေ ပြေလည်သွားတဲ့အချိန်မှာ တပ်တွေက ပြန်ရုပ်သွားမယ့် လုပ်ငန်းစဉ်တွေ ရှိပါတယ်ဗျ”
ဒါ့အပြင် ရေနံသယံဇာတ ခွဲဝေရေးနဲ့ ပတ်သက်ပြီးတော့လည်း အဖွဲ့ဖွဲ့ပြီးနောက်ပိုင်း အချောသတ် ဆက်လက် ဆွေးနွေးရမှာ ဖြစ်တယ်လို့ ဒေါက်တာရဲထွန်းဇော်က ဆက်ပြောပါတယ်။
“သယံဇာတ ခွဲဝေရေးကိစ္စကတော့ division of competency ပေါ့နော်၊ ဒီကိစ္စကတော့ လာမယ့် အပတ်ထဲမှာ အချောတွေ ဘာတွေ ဆိုတဲ့ကိစ္စက ဆက်လက်ပြီးတော့ ဆွေးနွေးသွားရမယ့် ကိစ္စ ဖြစ်ပါတယ်ဗျ”
မကွေးဖက်ဒရယ်ယူနစ် ရေနံနှင့် ရေနံထွက်ပစ္စည်းများဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းပြီးနောက် အဲ့ဒီအဖွဲ့က ရေနံမြေ၊ ရေနံလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်တွေကို ကြီးကြပ် ဆောင်ရွက်ဖို့ သဘောတူညီ ဆုံးဖြတ်ခဲ့ကြတယ်လို့ NUG ကလည်း သတင်း ထုတ်ပြန်ပါတယ်။
“လက်ရှိ မကွေးဖက်ဒရယ်ယူနစ် ပခုက္ကူခရိုင်၊ မြိုင်နဲ့ ပေါက်မြို့နယ်အတွင်းရှိ စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး ယနေ့ ဧပြီလ ၃ ရက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူများနှင့် မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစိုးရ တာဝန်ရှိသူတို့ Online မှ တဆင့် ဆက်လက် တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ အစည်းအဝေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စု ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ လျှစ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်း ဦးဆောင်သည့် တာဝန်ရှိသူများ၊ မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစိုးရ ဝန်ကြီးချုပ်၊ ဒုဝန်ကြီးချုပ် နှင့် မကွေးဖက်ဒရယ်ယူနစ် လွှတ်တော်မှ ကိုယ်စားလှယ်တစ်ဦး တို့ ဦးဆောင်သည့် တာဝန်ရှိသူများ ပူးတွဲ၍ မကွေးဖက်ဒရယ်ယူနစ် ရေနံနှင့် ရေနံထွက်ပစ္စည်းများဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့စည်းသွားမည်ဖြစ်ပြီး အဆိုပါ အဖွဲ့မှနေ၍ ရေနံမြေ၊ ရေနံလုပ်ငန်းများနှင့် ပတ်သက်သည့် စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များကို ကြီးကြပ် ဆောင်ရွက်သွားကြရန် အတည်ပြုဆုံးဖြတ်ခဲ့ကြသည်”
ဒါ့အပြင် မကွေးဖက်ဒရယ်ယူနစ်အတွင်းရှိ ကာကွယ်ရေးအဖွဲ့အစည်းတွေ ကွပ်ကဲမှု စနစ်တကျ ဖြစ်စေရေး၊ အမှုအခင်းတွေ ဖြေရှင်းဆောင်ရွက်ရေး၊ လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ကိစ္စရပ်တွေကိုလည်း မကွေးဖက်ဒရယ်ယူနစ် ကြားကာလ အစီအမံဆိုင်ရာ ဥပဒေနဲ့အညီ ပူးပေါင်း ဆောင်ရွက်ဖို့ ဆွေးနွေးဆုံးဖြတ်ခဲ့ကြတယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပေါက်နဲ့ မြိုင်မြို့နယ်တို့မှာ ရှိတဲ့ ရေနံတွင်းတွေကို NUG က တိုက်ရိုက်ကိုင်တွယ်ဖို့အတွက်ဆိုပြီး MOD က မတ်လ ၃၀ရက်မှာ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအောက်ပိုင်းရှိ PDF တပ်ရင်းတွေက ရဲဘော် အင်အား ၃၀၀ ခန့်ကို ရေနံတွင်းတွေရှိရာ စေလွှတ်ခဲ့တာဖြစ်ပြီး ယူနစ်အစိုးရနဲ့ ဒေသခံ တော်လှန်ရေး အဖွဲ့အစည်းတွေကို အသိပေး၊ အကြောင်းကြားတာ မရှိဘဲ ဝင်ရောက်လာတာကြောင့်လို့ဆိုကာ ဒေသခံတပ်တွေ တားဆီးလို့ နှစ်ဖက်တင်းမာမူတွေ ပေါ်ပေါက်နေတာ ဖြစ်ပါတယ်။
အဲ့ဒီလို မြေပြင်တင်းမာမူတွေ ပေါ်ပေါက်နေချိန် ဧပြီ ၂ ရက်မှာတော့ ပေါက်နဲ့မြိုင်မြို့နယ်ရှိ ကျေးရွာ လေးရွာခန့်က ဒေသခံပြည်သူတချို့ စုပေါင်းကာ လက်နက်ကိုင်အချင်းချင်း ပဋိပက္ခဖြစ်စဉ် အလိုမရှိ ကြောင်းနဲ့ ဗဟိုဦးစီး ချုပ်ကိုင်တာမျိုး အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြပါတယ်။
ဧပြီ ၃ ရက် မနေ့ကတော့ အဲ့ဒီ တင်းမာမူတွေရှိနေတဲ့ ရေနံမှော် အနီးတဝိုက် ကျေးရွာတွေနဲ့ ဈေးဆိုင်ခန်းတွေ ပြန်လည် ဖွင့်လှစ်ကြပြီး နှစ်ဖက်ပြေလျော့သွားတဲ့သဘော ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သယံဇာတခွဲဝေရေးဆိုင်ရာ ကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲအတွင်း မြေပြင်မှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို နားလည်မှုလွဲစေနိုင်တဲ့၊ ရန်သူ အကြမ်းဖက်စစ်တပ် အကြိုက်တွေ့စေမဲ့ ရေးသားမှုတွေ၊ ထုတ်ပြန်မှုတွေကို မပြုလုပ်ကြဖို့နဲ့ ပြဿနာကို ပိုမိုကြီးထွားစေမဲ့ ဆောင်ရွက်ချက်တွေကို ထိန်းကျောင်းကြဖို့လည်း ဆွေးနွေးခဲ့တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။
NUG တပ် အချင်းချင်း တင်းမာနေချိန်မှာပဲ အာဏာသိမ်း စစ်အုပ်စု ဧပြီ ၂ရက်မှာ ပေါက်မြို့နယ်ထဲကို တိုက်လေယာဉ်နဲ့ ဗုံးပတ်ကြဲလို့ ပြည်သူတချို့ ထိခိုက်တာ၊ အိုးအိမ် ပျက်စီးတာတွေ ရှိခဲ့ပါတယ်။

မကွေးတိုက်း ပခုက္ကူနယ်ထဲက ရေနံတွင်းတစ်တွင်း/Photo – ထင်လင်း/MFP
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #မကွေး #ရေနံတွင်း #ဖက်ဒရယ်ယူနစ်အစိုးရ



