မန္တလေးသတင်း

မြင်းခြံ ဖက်ပင်အိုင်ရွာ စစ်အုပ်စု စီးနင်း မီးရှို့ သတ်ဖြတ်မူ လူဆယ်ချီ သေဆုံး၊ အိမ်ခြေ ၃၀၀ ပြာကျ၊

မြင်းခြံနယ်ထဲ စစ်အုပ်စု ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့နေတာ လေးလကျော်ကြာ ရှိလာ၊

MN/MFP ၊ ဧပြီ – ၅

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဖက်ပင်အိုင်ကျေးရွာကို အာဏာသိမ်း စစ်အုပ်စုက စီးနင်းလုယက်၊ မီးရှို့၊ သတ်ဖြတ်ရာ ကလေးသူငယ်၊ သက်ကြီးရွယ်အိုနဲ့ တော်လှန်ရေး ရဲဘော်တွေ အပါအဝင် လူ ၁၀ ကျော် သေဆုံးပြီး အိမ်ခြေ ၃၀၀ ကျော် မီးလောင်ပြာကျတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

မြင်းခြံနယ် မြောက်ခြမ်း၊ မြင်းခြံ – ဆီီမးခုံ – နဘူးအိုင် – မြို့သာ – တံတားဦး ကားလမ်းပေါ်ရှိ အိမ်ခြေ ၃၅၀ ကျော် ရှိတဲ့ ဖက်ပင်အိုင်ကျေးရွာကို အာဏာသိမ်း စစ်အုပ်စုက ဧပြီ ၂ရက် မနက်ပိုင်း စီးနင်း ဝင်ရောက်ကာ လူသတ်၊ လုယက်၊ မီးရှို့တာ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ ဖက်ပင်အိုင်ရွာအတွင်း ဖမ်းမိတဲ့ အသက်တစ်နှစ်ခွဲအရွယ် ကလေးငယ်နဲ့ မိခင် အပါအဝင် ရွာခံ ပြည်သူ ခြောက်ဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့ပြီး ပိတ်မိနေသူတွေကို ကယ်တင်ဖို့ ကြိုးစားတဲ့ တော်လှန်ရေး ရဲဘော်တွေနဲ့ ရွာထဲ မီးငြှိမ်းတဲ့ ပြည်သူတွေကို ဒရုန်းတွေနဲ့ ဗုံးကြဲရာ လူ ဆယ်ချီ သေဆုံးတာကြောင့် ပစ်သတ်ခံရသူရော၊ ဒရုန်းနဲ့ ဗုံးကြဲခံရလို့ သေဆုံးသူရော စုစုပေါင်း လူ ၂၀ လောက် သေဆုံးတယ်လို့ ဖက်ပင်အိုင်ရွာအနီး နေထိုင်သူတစ်ဦးက MFP ကို ပြောပါတယ်။

“စုစုပေါင်း ပစ်သတ်ခံလိုက်ရတာက ခြောက်ယောက်။ နောက်ပြီးတော့ ရွာ မီးရှို့ထားခဲ့လို့ မီးဝင်ငြှိမ်းတဲ့ အခါမှာ ဆုံရွာ(ပျူစခန်း)ကနေ ဒရုန်းတွေနဲ့ ချလို့ (PDF)ရဲဘော်က သုံးယောက် ကျတယ်။ အားလုံး စုစုပေါင်း လိုက်ရင် အတည်ပြုရသလောက်ကတော့ ၁၇ ဦး သေဆုံးတယ်။ အဲဒီထက် ပိုလာနိုင်တာပဲ ရှိတယ်။ ဒဏ်ရာရသူတွေကလည်း မနည်းဘူး”

ဧပြီ ၂ရက် မနက်ပိုင်း မြင်းခြံနယ် ဖက်ပင်အိုင်ရွာကို စစ်အုပ်စု အင်အား ၁၀၀ ကျော်နဲ့ စီးနင်းလုယက်၊ မီးရှို့၊ သတ်ဖြတ်ရာ တော်လှန်ရေး ရဲဘော်တွေ အပါအဝင် ၁၁ ဦး ထက်မနည်း သေဆုံးတယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုဖြစ်တဲ့ မြင်းခြံလူထု လှုပ်ရှားမူကော်မတီက ဖော်ပြပါတယ်။

ဖက်ပင်အိုင်ရွာအတွင်း စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးကြဲလို့ သေဆုံးသူတွေဟာ PDF ရဲဘော် နှစ်ဦးနဲ့ ပကဖ တစ်ဦး၊ အသက် ၃၀ ကျော်နဲ့ အသက် ၆၀ ကျော်အရွယ် သားအမိနှစ်ဦး၊ အသက် ၃၀ ဝန်းကျင် အမျိုးသမီးနှစ်ဦး၊ အသက် ၆၀ ဝန်းကျင် အမျိုးသမီးကြီး နှစ်ဦးနဲ့ အသက် ၈၀ ဝန်းကျင် အဖိုးအိုနှစ်ဦး၊ စုစုပေါင်း ၁၁ ဦး ဖြစ်တယ်လို့ မြင်းခြံလူထု လှုပ်ရှားမူ ကော်မတီက ဖော်ပြပါတယ်။

အသက် ၃၀ ကျော်နဲ့ အသက် ၆၀ ကျော်အရွယ် သားအမိနှစ်ဦးဟာ မိခင်ဖြစ်သူ ဒရုန်းထိမှန်လို့ သားက ထမ်းပြေးချိန် ဒရုန်းနဲ့ လိုက်လံ ကြဲချသတ်ဖြတ်ခံရတာလို့လည်း မြင်းခြံ လူထုကော်မတီက ဆိုပါတယ်။

ဖက်ပင်အိုင်ရွာကို ဧပြီ ၁ ရက်မှာ နဘူးအိုင်ရွာကနေထွက်လာတဲ့ စစ်အုပ်စု စစ်ကြောင်းက ကနဦး စီးနင်း ဝင်ရောက်တာဖြစ်ပြီး ဧပြီ ၂ ရက် မနက်ပိုင်းမှာ အဲဒီ စစ်အုပ်စု ပြန်ထွက်သွားပြီးနောက် ရွာမြောက်ဘက်မှာ ရှိတဲ့ ဆုံရွာ ပျူစခန်းက စစ်အုပ်စုနဲ့ပျူတွေ ထပ်မံစီးနင်းဝင်ရောက်ကာ အထက်ပါအတိုင်း လူသတ်၊ လုယက်၊ ရွာမီးရှို့တာ ဖြစ်တယ်လို့ ဒေသခံက ပြောပါတယ်။

“စစ်ကြောင်းက ကျောက်တိုင်ရွာဘက်ကနေ ဖက်ပင်အိုင်ရွာကို ဝင်လာတယ်။ ဝင်လာတော့ ဒေသခံတွေကို အချိုသပ်ပြီးတော့ စည်းရုံးတာပေါ့။ သူတို့(စစ်အုပ်စု)က ဘာမှ မလုပ်ပါဘူးပေါ့။ အဲဒီလို ပြောဆို စည်းရုံးပြီး ဖက်ပင်အိုင်ရွာမှာ ညအိပ်သွားတာ။ မနက်ကျတော့ အဲဒီစစ်ကြောင်းက ဘယ်အချိန်က ပြန်ထွက်သွားတယ် မသိလိုက်ဘူး။ သူတို့ အဲဒီစစ်ကြောင်း ပြန်ထွက်သွားတော့ ဆုံရွာက ပျူတွေနဲ့ စခတွေ ရွာထဲဝင်လာပြီးတော့ တွေ့သမျှလူ အကုန်ပစ်သတ်သွားတာ။ အဲဒါပြီးတော့ ရွာထဲက လူတွေကို အကုန်လုံး ဘုန်းကြီးကျောင်းထဲ စုခိုင်းပြီးတော့ ရွာကိုပါ မီးရှို့သွားခဲ့တာ။ အဲဒီလို မီးရှို့ ထားခဲ့တာကို မီးဝင်ငြှိမ်းနေတဲ့ ဒေသခံတွေကို ဆုံရွာကနေပြီးတော့ ဒရုန်းတွေနဲ့ တောက်လျှောက် ချနေတာ။ ဒရုန်းတွေနဲ့ချလို့ သေဆုံးသူတွေက ပိုများသွားတာ”

စစ်အုပ်စု မီးရှို့ဖျက်ဆီးလို့ ဖက်ပင်အိုင်ကျေးရွာ ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးခဲ့ပြီ ဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

လက်ရှိမှာ ဖက်ပင်အိုင်ရွာက ဒေသခံပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရပြီး အဝတ်အထည်၊ စားနပ်ရိက္ခာ၊ အမိုးအကာ စတဲ့ အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

“မီးဘေးသင့်ပြည်သူတွေက ပိုဆိုးတာပေါ့ဗျာ။ သူတို့မှာ အဝတ်တစ်ထည်ကိုယ်တခုနဲ့ ပြေးလာ ကြရတာ။ အဝတ်အစားတွေလည်း မပါလာကြဘူး။ စားဖို့သောက်ဖို့ကတော့ ပြောမနေနဲ့တော့ပေါ့။ (စစ်အုပ်စု) မီးရှို့မရဘဲ စစ်ကြောင်းဝင်သွားတဲ့ ရွာက လူတွေကတော့ အဆင်ပြေတာပေါ့။ စစ်ရှောင်ရတာ တစ်ခုပဲ ရှိတာ။ လိုအပ်ရင် ရွာထဲပြန်ဝင်ပြီးတော့ ယူစရာရှိတာ ယူလို့ရသေးတယ်။ (စစ်အုပ်စု) သူတို့ မီးရှို့သွားခဲ့တဲ့ ရွာတွေက ဒေသခံတွေကတော့ အခု အရမ်းကို အခက်အခဲတွေ ဖြစ်နေကြတာ။ မီးရှို့ခံရတဲ့ ရွာတွေဆိုရင် အခု ဖက်ပင်အိုင်ရွာ၊ နဘူးအိုင်၊ ညောင်ဝန်း၊ သက္ကယ်ကျင်းတို့ အဲဒီရွာတွေက ဒေသခံတွေအတွက် အကူအညီတွေ အဓိက လိုအပ်နေတာပေါ့ဗျာ။ သူတို့ အခြေအနေကတော့ တော်တော်ဆိုးဆိုးပဲလို့ ပြောလို့ရတယ်။ အကူအညီ ထောက်ပံ့မှုတွေ လိုအပ်နေတာပေါ့”လို့ ဖက်ပင်အိုင်ရွာအနီးမှာနေထိုင်တဲ့ နယ်ခံ အမျိုးသားက ပြောပါတယ်။

ဖက်ပင်အိုင်၊ နဘူးအိုင်နဲ့ ညောင်ဝန်းရွာတွေ အပါအဝင် မြင်းခြံနယ် မြောက်ခြမ်းရှိ ရွှေပေါ်ကျွန်း၊ ကန်ဦး၊ ပေတော၊ ချောင်းလည်၊ ပင်လယ်၊ ရွာသာအေး၊ တဲကြီး၊ ကြာကန်၊ ကန်နီ၊ ကျောက်တိုင်၊ သရက်ချိုပင် စတဲ့ ကျေးရွာ ၁၅ ရွာကျော်က ထောင်နဲ့ချီတဲ့ ပြည်သူတွေလည်း စစ်ဘေးတိမ်းရှောင် ထွက်ပြေးနေကြရပြီး စားသောက်နေထိုင်ရေး အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ အတုအယောင် ရွေးကောက်ပွဲကာလ ၂၀၂၅ ဒီဇင်ဘာက စတင်ကာ မြင်းခြံနယ်ထဲ ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ ပြီးခဲ့တဲ့ လေးလတာအတွင်း မြင်းခြံနယ် မြောက်ခြမ်းရှိ နဘူးအိုင်၊ ‌ညောင်ဝန်း၊ သက္ကယ်ကျင်း စတဲ့ ကျေးရွာတွေနဲ့ မြင်းခြံနယ် အနောက်မြောက်ခြမ်း၊ မြစ်ရိုးတလျှောက်ရှိ သင်္ဘောတင်၊ ပတ္တာ၊ တောင်ကျွန်း စတဲ့ ကျေးရွာတွေ၊ စုစုပေါင်း ကျးရွာ ၁၅ ရွာကျော်က အိမ်ခြေ ၄၀၀၀ ကျော်ကို မီးရှို့ ဖျက်ဆီးခဲ့ပြီး ဖြစ်ပါတယ်။

မြင်းခြံနယ် ဖက်ပင်အိုင်ရွာကို စစ်အုပ်စု စီးနင်းကာ လူသတ်၊ လုယက်၊ မီးရှို့နေစဉ်/Photo – ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မန္တလေး #မြင်းခြံ #ဖက်ပင်အိုင်

Related Articles

Back to top button