မန္တလေးသတင်း

မန္တလေး အိုးဘိုထောင်မှာ စစ်အုပ်စုက နိုင်/ကျဉ်း ၁၅ ဦးထက်မနည်းကို ရိုက်နှက်ပြီး သုံးဦးကို တိုက်ပိတ်၊

ကျီးညို၊ Phoenix/MFP ၊ ဇူလိုင် – ၁၁

မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်မှာ အာဏာသိမ်း စစ်အုပ်စုက ဥပဒေမဲ့ ဖမ်းဆီးထောင်ချထားတဲ့ နိုင်ငံရေး အကျဉ်းသား (နိုင်/ကျဉ်း)တွေထဲက ၁၅ ဦးကို ရိုက်နှက်ညှဉ်းပန်းခဲ့ပြီး သုံးဦးကို ငါးလကြာ တိုက်ပိတ် အပြစ်ပေး ညှဉ်းပန်းခဲ့တယ်လို့ အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက် ညှိနှိုင်းရေးကော်မတီ-  AFCC (မန္တလေး) အတွင်းရေးမှူးအဖွဲ့ဝင်တစ်ဦးက MFP ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း ယခု ဇူလိုင် ပထမပတ်အတွင်း အိုးဘိုထောင်တွင်းရှိ နိုင်/ကျဉ်းတွေအတွက် ထောင်ဝင်စာ ပါဆယ်ပစ္စည်း ပေးပို့တဲ့ကိစ္စနဲ့ပတ်သက်ပြီး စစ်အုပ်စု ထောင်ဝန်ထမ်းတွေက အစားအသောက်နဲ့ ပါဆယ်ပစ္စည်းတွေကို ဖျက်ဆီး၊ သိမ်းယူရာက နိုင်/ကျဉ်းတွေနဲ့ အငြင်းပွားမှု ဖြစ်ပြီးနောက် စစ်အုပ်စုက နိုင်/ကျဉ်းတွေကို ရိုက်နှက်ညှဉ်းပန်း တိုက်ပိတ်တာလို့ ဆိုပါတယ်။

“ကျွန်တော်တို့ ကြားရတဲ့ သတင်းအရ တော်တော်လည်း စိတ်မကောင်းစရာပေါ့လေ။ ဒီစစ်ကြောရေးတွေမှာ စစ်တဲ့ပုံစံမျိုးကို ကျွန်တော်တို့ရဲ့ အကျဥ်းသားတွေကို သူတို့ရဲ့ ဆက်ဆံမှုက တော်တော်လေးကို အဆင်မပြေ ဖြစ်ခဲ့တယ်။ လက်သီးတွေနဲ့ ထိုးတယ်၊ ရိုက်နှက်တယ်၊ တော်တော်လေးကို ကြည့်မကောင်း ရှုမကောင်း အနေအထားထိ ဖြစ်ခဲ့တယ်ဆိုတဲ့ အကြောင်းကို ကြားသိရတယ်” လို့ AFCC (မန္တလေး) အတွင်းရေးမှူးအဖွဲ့ဝင်က ပြောပါတယ်။

ရိုက်နှက်ခံရတဲ့ နိုင်/ကျဉ်းတချို့မှာ ဒဏ်ရာရရှိခဲ့သလို အိုးဘိုထောင်အတွင်း ဆေးဝါးနဲ့ ကျန်းမာရေး စောင့်ရှောက်မှု မလုံလောက်တာကြောင့် အကျဉ်းသားတွေရဲ့ ကျန်းမာရေးမှာလည်း စိုးရိမ်ရတယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် စစ်အုပ်စု ထောင်ဝန်ထမ်းတွေရဲ့ လုပ်ရပ်တွေဟာ နိုင်/ကျဉ်းတွေရဲ့ အခြေခံ လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာဖြစ်ပြီး အခုလို ထောင်တွင်း အကြမ်းဖက်မှုတွေကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတယ်လို့လည်း ပြောပါတယ်။

ထောင်တွင်း အခြေအနေတွေနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မန္တလေးတိုင်း ပြန်ကြားရေး ကော်မတီ (ယာယီ) ကလည်း စစ်ကြောရေးစခန်းတွေနဲ့ အကျဉ်းထောင်တွေအတွင်း သေဆုံးခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ဂုဏ်ပြုအောက်မေ့တဲ့ “အပတ်စဉ် ဝမ်းနည်းခြင်း အထိမ်းအမှတ် အစီအစဉ် (Weekly Memorial Service)” ကို အပတ်စဉ် ဆောင်ရွက်မယ်လို့ ဇူလိုင် ၁၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

အိုးဘိုထောင်မှာ စစ်အုပ်စုက နိုင်/ကျဉ်းတွေကို ဆေးဝါးကုသခွင့်နဲ့ ကျန်းမာရေးစောင့်ရှောက်မှု အလုံအလောက် မပေးဘဲ ညှဉ်းပန်းနေတယ်လို့ နိုင်ငံရေးအကျဉ်းသားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

အရင်ကလည်း အိုးဘိုထောင်အတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတချို့ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရရှိတာကြောင့် အသက်ဆုံးရှုံးခဲ့ရပြီး အဲဒီထဲမှာ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး တို့လည်း ပါဝင်ခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီး ငါးနှစ်ကျော်အတွင်း ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ ပြည်သူ သုံးသောင်းကျော်ကို စစ်အုပ်စုက ဥပဒေမဲ့ ဖမ်းဆီးထားပြီး အဲဒီအထဲက ထက်ဝက်နီးပါးကို အမှုဆင် ထောင်ချကာ အကျဥ်းထောင် ​အသီးသီးမှာ ချုပ်နှောင်ထားတယ်လို့  နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၆ ဇူလိုင် ၁၁ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #အိုးဘိုထောင် #မန္တလေး #နိုင်ငံရေးအကျဉ်းသား

Related Articles

Back to top button