မကွေးသတင်း

ကာကင်းစခန်းအားလုံး သိမ်းပိုက်ထားပြီး နတ်ရေကန်ကို ဝိုင်းပတ်ပိတ်ဆို့ထားတာကြောင့် စခန်းသိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေ

ထက်ဖြိုး/ MFP ၊ အောက်တိုဘာ – ၁၃

မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်ကို ချိတ်ဆက်ထားပြီး စစ်ရေးအရ ဗျူဟာကျတဲ့ ရိုးမပေါ်က နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးစခန်းက ကာကင်းစခန်းအားလုံးကို အာရက္ခတပ်တော်(AA)နဲ့ တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် နတ်ရေကန်စခန်းကို အဖက်ဖက်ကပိတ်ဆို့ကာ အပြီးသတ်သိမ်းနိုင်ဖို့ ဆက်လက်တိုက်ခိုက်နေဆဲဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အတည်ပြုပါတယ်။

နတ်ရေကန်ကို ထိုးဖောက်ဝင်ရောက်နိုင်တဲ့ ဗစည်ရွာလမ်းဟောင်းနဲ့ ဂုတ်ကြီးရွာလမ်းသစ်ပေါ်က လုံခြုံရေးအထပ်ထပ်ချထားတဲ့ စစ်အုပ်စုရဲ့ကာကင်းစခန်းတွေကို အောက်တိုဘာလ အစောပိုင်းကတည်းက အာရက္ခတပ်တော်နဲ့ တော်လှန်ရေးပူးပေါင်းအင်အားစုတွေက တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့ကြောင့် လမ်းဟောင်းနဲ့ လမ်းသစ်ပေါ်က စစ်အုပ်စုစခန်းတွေအားလုံးကို သိမ်းပိုက်လိုက်တာဟာ နတ်ရေကုန်လေကြောင်းရန်ကာကွယ်ရေးစခန်းကိုပါ တစ်ပါတည်း ဝိုင်းပတ်ပိတ်ဆို့ထားနိုင်တဲ့ အခြေအနေရောက်သွားသလို စခန်းသိမ်းတိုက်ပွဲအတွက် တော်လှန်ရေးအင်အားစုတွေက ဆက်လက်ထိုးစစ်ဆင်နေလို့ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

“(ကာကင်းစခန်းတွေအားလုံးရပြီးပြီဆိုတာ) ဟုတ်ပါတယ်။ ပတ်လည်ဝိုင်းပြီး ပိတ်ဆို့ထားတာတော့ မှန်ပါတယ်။ နတ်ရေကန် ဗျူဟာကုန်းသပ်သပ်ပဲ ကျန်နေတာမျိုးပါ”

နတ်ရေကန်စခန်းဟာ အာရက္ခတပ်တော်နဲ့ တော်လှန်ရေးအင်အားစုတွေအတွက် မကွေးတိုင်းကို ထိုးစစ်ဆင်နိုင်ဖို့ အကြီးဆုံးနဲ့ စစ်ရေးအရ ဗျူဟာအကျဆုံးဖြစ်သလို စစ်သည်အင်အား ၁၀၀၀ ဝန်းကျင်နဲ့ အထိုင်ချထားတဲ့ ရိုးမပေါ်က လေကြောင်းရန်ကာကွယ်ရေး စခန်းကြီးဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောထားပါတယ်။

စစ်အုပ်စုကလည်း နတ်ရေကန်စခန်းကို လက်မလွှတ်ရဖို့အတွက် လေကြာင်းထိုးစစ်တွေပါ အသုံးပြုနေပြီး နေ့ညမရွေးဗုံးကြဲကာအရေး ခုခံကာကွယ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

“လေကြောင်းတိုက်ခိုက်မှုတော့ နေ့တိုင်းရှိပါတယ်”

ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့ကလည်း နတ်ရေကန်စခန်းရဲ့ တောင်အောက်ခြေမှာရှိတဲ့ စွန်တက်ရွာရဲ့ အရှေ့မြောက်ဘက်ကနေ ထိုးစစ်ဆင်လာရာမှာ နှစ်နာရီကျော်ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုအနေနဲ့ တပ်လန်ဆုတ်ခွာသွားခဲ့တယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာလ ၇ ရက် မနက် ၁၁ နာရီမှာလည်း စွန်တက်ရွာရဲ့ အရှေ့မြောက်ဘက်ကနေ ဆက်လက်ထိုးစစ်ဆင်လာခဲ့ရာ ၈ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုတပ်သား အလောင်း ၆၀ ကျော်သေဆုံးပြီး ၁၀ဦးခန်းမနည်း ထိခိုက်ဒဏ်ရာရခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုအနေနဲ့ နတ်ရေကန်အနီး ထိုးစစ်ဆင်ရာမှာ အရင်ကစွန်တက်ရွာရဲ့ အရှေ့တောင်ဘက်ကနေ တော်လှန်ရေးအင်အားစုတွေ စိုးမိုးဒေသတွေကို ထိုးစစ်ဆင်လေ့ရှိပေမဲ့ အခုတစ်ခါမှတော့ စွန်တက်ရွာရဲ့ အရှေ့မြောက်ဘက်ကနေ ဗျူဟာပြောင်းလဲထိုးစစ်ဆင်လာခဲ့တာဖြစ်တယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။

တရုတ်အကူအညီနဲ့ လာရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)နဲ့ နောင်ချို့မြို့တွေကို စစ်အုပ်စုက ပြန်လည်ရယူပြီးနောက် ရှမ်းမြောက်ကနေ အောင်ပွဲတွေ ရယူလာတဲ့ပုံ ခွန်အားပေးပြီး အသစ်စုဆောင်းထားတဲ့ စစ်မှုထမ်းတပ်သားအသစ်တွေနဲ့ မကွေးတိုင်း-ရခိုင်ပြည်အစပ်နဲ့ ဧရာဝတီတိုင်း-ရခိုင်ပြည်အစပ်နေရာတွေကို အင်အားတစ်ထောင်ကျော်အသုံးပြုပြီး ထိုးစစ်ဆင်လာတာဖြစ်ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button