မကွေးသတင်း

ညောင်ဂျစ်ပင်ပျူစောထီးစခန်းကနေ စစ်ကြောင်းထိုးနေတာကြောင့် မြိုင်နယ်နဲ့ ပခုက္ကူအစပ်က ကျေးရွာငါးရွာ စစ်ဘေးရှောင်နေရ

အီသာရမ်/MFP ၊အောက်တိုဘာ-၂၈

မကွေးတိုင်း၊ ပခုက္ကူနယ် အနောက်ခြမ်း ညောင်ဂျစ်ပင်ပျူစောထီးစခန်းကနေ အောက်တိုဘာလ ၂၈ ရက်နေ့ ဒီနေ့မနက်မှာ စစ်အုပ်စုစစ်ကြောင်း ထိုးနေတာကြောင့် မြိုင်နယ် နဲ့ ပခုက္ကူနယ်
အစပ်မှာရှိတဲ့ ကျေးရွာငါးရွာက ဒေသခံတွေ စစ်ဘေးရှောင်ထွက်ပြေးနေကြရတယ်လို့ ဒေသခံသတင်းရင်းမြစ်က MFP ကိုပြောပါတယ်။

စစ်အုပ်စုစစ်ကြောင်းကြောင့် ဇီးပင်
ကန်ကျေးရွာ၊ စိုတွင်းကျေးရွာ၊ အိုရင်းကျေးရွာ၊ ထန်းတပင်ကျေးရွာ၊ ဖောင်းကွဲကျေးရွာနဲ့ အနီးအနား ကျေးရွာ‌တွေက ဒေသခံပြည်သူ ထောင်နဲ့ချီထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ဆိုပါတယ်။

ညောင်ဂျစ်ပင် ပျူစောထီးစခန်းကနေခန့်မှန်းအင်အား ၂၀၀ ခန့်ပါတဲ့ စစ်အုပ်စုစစ်ကြောင်းက အရှေ့မြောက်ဆီကို ဦးတည်စစ်ကြောင်းထိုးနေသလိုတစ်ပြိုင်နက်ထဲမှာပဲ လက်နက်ကြီးပစ်ခတ်သံတွေလည်း ကြားနေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဇီးပင်ကန်ဘက်ရောက်တယ်လို့ ကြားတယ်။ ဘယ်ကို ဦးတည်မှန်းကို မသိသေးဘူး၊များသောအားဖြင့်တော့ တွင်းမနဲ့သရက်ကန် တော့ ထင်တာပေါ့ဗျာ၊လက်နက်ကြီးသံ ဘာညာတော့ ကြားရတာပေါ့ဗျာ သူတို့လည်းပစ်တယ် ကိုယ့်ဘက်ကလည်း ပစ်တယ်ထင်ပါတယ်၊အခုမနက် ရှစ်လုံးလောက်ကြားရပြီ”

လတ်တလောမှာတော့ ညောင်ဂျစ်ပင်ပျူစောထီးစခန်းကနေ ထွက်လာတဲ့ စစ်အုပ်စုစစ်ကြောင်းဟာ မြိုင်မြို့နယ်က တွင်းမပျူစောထီးစခန်းနဲ့သရက်ကန်ပျူစောထီးစခန်းဆီကို ဦးတည်စစ်ကြောင်း‌ထိုးနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၆ ရက် ကလည်း အဲဒီညောင်ဂျစ်ပင်‌ပျူစောထီးစခန်းကနေ စစ်အုပ်စုစစ်ကြောင်းက အပြင်ထွက်လာတာကြောင့် တော်လှန်ရေးတပ်တွေ နဲ့ထိတွေ့တိုက်ပွဲ အနည်းငယ် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အောက်တိုဘာလ ၂၄ ရက်နေ့ညက ညောင်ဂျစ်ပင်ပျူစောထီးစခန်းအနီးက ထန်းတပင်ကျေးရွာကို စစ်အုပ်စုက ပါရာမော်တာနဲ့ ဗုံးကြဲခဲ့တာကြောင့်ဒေသခံနှစ်ဦးသေဆုံးခဲ့ပြီး‌ သုံးဦးထိခိုက် ဒဏ်ရာရခဲ့ပါတယ်။

ဓာတ်ပုံ-အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button