MN/MFP ၊ အောက်တိုဘာ – ၂၈
မကွေးတိုင်း၊ မင်းဘူးခရိုင် စလင်းမြို့က အထက-၁ ကျောင်းရဲ့ Grade – 9 ကျောင်းသူကို ရည်းစားဖြစ်သူအပါအဝင် Grade-12 ကျောင်းသား သုံးယောက်က အောက်တိုဘာ ၂၃ ရက်မှာ အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျောင်းအုပ်ကြီးဖြစ်သူ ဦးအောင်မြင့်သန်းကို နေရာပြောင်းရွှေ့ကာ အရေးယူထားတယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။
စလင်းမြို့ အထက-၁ ကျောင်းသူ အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခံရတဲ့ အမှု ဖြစ်စဉ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ကျောင်းအုပ်ကြီးကို မင်းဘူးခရိုင်အဆင့် တာဝန်ရှိသူတွေက မနေ့က ခေါ်ယူစစ်ဆေးမေးမြန်ခဲ့သလို နေရာပြောင်းရွှေ့တာတွေပါ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ အဲဒီဖြစ်စဉ်ကို သိရှိထားတဲ့ မြို့ခံတစ်ဦးက ဆိုပါတယ်။
“အမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး စလင်းမြို့ အထက ကျောင်းအုပ်ကြီး အောင်မြင့်သန်း နယ်ပြောင်းရွှေ့ခံရတယ်လို့ ထပ်ပြီးသိရပါတယ်။ ဘယ်နယ်ကို ပြောင်းရွှေ့ခံရတယ်ဆိုတာတော့ မသိရသေးပါဘူးဗျ”
အောက်တိုဘာ ၂၃ ရက် မွန်းလွဲပိုင်းမှာ စလင်းမြို့ အခြေခံပညာအထက်တန်းကျောင်း (အထက – ၁)က Grade – 9 ကျောင်းသူကို ရည်းစားဖြစ်တဲ့ Grade – 12 ကျောင်းသားနဲ့အတူ သုံးဦးက ထီးကြီးဘုရားဝန်းထဲမှာ အရက်သောက်စားပြီးနောက် ရိုက်နှက်နှိပ်စက်ကာ အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့တာဖြစ်သလို အဓမ္မပြုကျင့်နေတဲ့ ဗွီဒီယိုဖိုင်ကိုပါ ရိုက်ကူးခဲ့ပြီး လူမှုကွန်ရက်ဖြစ်တဲ့ telegram မှာပါ လွှင့်တင်ခဲ့တာဖြစ်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။
အဲဒီလို အရက်သေစာသောက်စားပြီး ရည်စားဖြစ်သူနဲ့အဖွဲ့က ဝိုင်ဝန်းအဓမ္မပြုကျင့်ခဲ့တာကြောင့် သတိမေ့မျောခဲ့ရာမှ ပြန်လည်သတိရလာချိန် ဘေးပတ်ဝန်းကျင်ကို ကျောင်းသူက အကူညီတောင်းခံခဲ့ရာမှ ဆေးရုံကို ဒေသခံတွေက ကူညီပို့ဆောင်ပေးခဲ့ရတာဖြစ်တယ်လို့ မြို့ခံတွေက ဆိုထားပါတယ်။
လက်ရှိမှာ အုပ်စုဖွဲ့အဓမ္မပြုကျင့်ရာမှာ ပါဝင်ခဲ့တဲ့ G-12 ကျောင်းသား သုံးဦးကို စလင်းမြို့မရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ သတင်းထွက်ပေါ်နေပေမဲ့ စစ်အုပ်စု စလင်းမြို့ရဲစခန်းနဲ့ နီးစပ်တဲ့ မြို့ခံတွေကတော့ ကျောင်းသားတွေကို ဖမ်းဆီးအရေးယူထားတာ မရှိသလို ကာယကံရှင်ဘက်ကလည်း အမှုဖွင့်ထားတာ မတွေ့ရဘူးလို့ မြို့ခံတွေက ဆိုပါတယ်။
“သတင်းတွေက ဖြစ်စဉ်အမှန်နဲ့ကွဲလွဲနေတာတွေ တွေ့ရတာပေါ့နော်။ မုဒိမ်းမှုဖြစ်တယ်လို့လည်း ပြောလို့ရသလို မဖြစ်ဘူးလို့လည်း ပြောလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ ကနဦး စဖြစ်တဲ့အချိန်မှာ သူတို့ အချင်းချင်း အလိုတူအလိုပါတွေဖြစ်ခဲ့ကြပြီးတော့ နောက်ထပ် ကျောင်းသားတွေကပါ အုပ်စုဖွဲ့ပြီး ဖြစ်တော့မှ အသံတွေကြားရလို့ ပတ်ဝန်းကျင်က ရောက်လာကြတာ။ အစပိုင်း ကောင်မလေးက သူ့ကို အလိုမတူဘဲ အဲဒီလိုပြုကျင့်ပါတယ်ပေါ့။ အဲဒီအချိန်မှာ ကောင်မလေး မိဘတွေရောက်လာတဲ့အချိန်မှာ ကောင်မလေးက ဘာမှမဟုတ်တော့ဘူးပြန်ဖြစ်သွားတာ။ အခု အဲဒီအမှုနဲ့ပတ်သက်ပြီး သိရသလောက်က ကောင်မလေးဘက်က အမှုဖွင့်ထားတာမရှိသေးဘူး။ သိန်း ၇၀၀ ငွေပေးပြီးတော့ ညှိနှိုင်းနေကြတယ်ဆိုတာကလည်း မဟုတ်ဘူး။ ကျူးလွန်တဲ့ ကောင်လေးတွေကိုလည်း ဖမ်းဆီးထားတာ မရှိသေးဘူး။ မြို့ခံတွေကတော့ ကျူးလွန်တဲ့သူတွေကို အမှုဖွင့်အရေးယူတာတွေ လုပ်စေချင်နေကြတာပေါ့။ အခု အဲဒီလို အရေးယူတာတွေမရှိသေးတော့ မကျေနပ်ကြဘူးဖြစ်နေတာ”လို့ စလင်းမြို့ခံတစ်ဦးက ဆိုပါတယ်။
စလင်းမြို့ အထက (၁) ကျောင်းသူတစ်ဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့သူတွေဟာ စလင်းမြို့ပေါ်နဲ့ စလင်းမြို့အနီး ဆင်ကျုံးရွာမှာ နေထိုင်သူတွေဖြစ်ပြီး ကျူးလွန်ခံရတဲ့ ကျောင်းသူကတော့ မြို့အနီးအနားက ရွာမှာနေထိုင်တယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။
စစ်အုပ်စုရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာတော့ စလင်းမြို့ အထက-၁ က ကျူးလွန်ခံရသူ အသက် ၁၅ နှစ်အရွယ် ကျောင်းသူနဲ့အတူ အဖော်ကျောင်းသူနှစ်ဦးလည်းပါဝင်ပြီး ကျောင်းသား သုံးဦးနဲ့အတူ ထီးကြီးဘုရားဝန်းထဲမှာ အရက်သေစားအတူသောက်စားကြတာဖြစ်ကြောင်း၊ ကျူးလွန်ခံရသူ ကျောင်းသူ အရက်မူးလွန်နေချိန်မှာ ကျောင်းသားတစ်ဦးပေါင်ပေါ်မှာ လှဲအိပ်အော်ဟစ်နေချိန်မှာ တခြား ကျောင်းသားက ဗီဒီယိုရိုက်ကူးခဲ့တာသာဖြစ်ပြီး အဓမ္မကျူးလွန်တာမရှိခဲ့ဘူးလို့ တုန့်ပြန်ဖြေရှင်းထားပါတယ်။
လက်ရှိမှာ အုပ်စုဖွဲ့ အဓမ္မပြုကျင့်ပြီး ဗီဒီယိုရိုက် လိုင်းပေါ်တင်ခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်အုပ်စုက အမှုဖွင့်အရေးယူတာမရှိသေးတဲ့အပြင် ကျူးလွန်ခံရတဲ့ ကျောင်းသူအပါဝင် ကျောင်းသားတွေကို ကျောင်းစည်းကမ်းဖောက်ဖျက်မှုနဲ့ ကျောင်းတစ်လ ယာယီရပ်နားခိုင်းတဲ့ အရေးယူမှုမျိုးသာ လုပ်ဆောင်ထားတယ်လို့ စစ်အုပ်စုက ဆိုပါတယ်။
စလင်းမြို့ခံတွေကတော့ ကျောင်းသူကို အုပ်စုဖွဲ့အဓမ္မပြုကျင့်ခံရတဲ့ဖြစ်စဉ် မှန်ကန်ပြီး စစ်အုပ်စုအပါအဝင် ကျူးလွန်ခဲ့သူတွေက သတင်းဖုံးဖိကာ နစ်နာသူကို ငွေပေးပြီး ကြေအေးနိုင်ဖို့ ကြိုးစားနေတာကြောင့် ထိရောက်တဲ့ အရေးယူတာတွေ လုပ်ဆောင်ပေးဖို့ တောင်းဆိုနေကြပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



