မကွေးသတင်း

ပခုက္ကူနယ်က ကျေးရွာတွေကို စစ်အုပ်စု စစ်ကြောင်းထိုးရင်း ရွေးကောက်ပွဲ စည်းရုံးရေးဆင်းနေ

အီသာရမ်/MFP ၊အောက်တိုဘာ-၃၀

မကွေးတိုင်း၊ ပခုက္ကူနယ်အနောက်ခြမ်းက ကျေးရွာတွေကို စစ်အုပ်စုစစ်ကြောင်း သုံးကြောင်းခွဲထိုးနေပြီး ဒေသခံပြည်သူတွေကို ရွေးကောက်ပွဲ စည်းရုံးရေးပုံစံနဲ့ စစ်ကြောင်းထိုးစည်းရုံးတာတွေ ရှိနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

အောက်တိုဘာလ ၂၉ ရက်နေ့မှာ ပခုက္ကူနယ်အနောက်ခြမ်းက ဘုန်ကံကျေးရွာအနီးက ဆီဆိုင်နားမှာ ပခုက္ကူတပ်မ – ၁၀၁ က ကားကိုးစီးနဲ့ ချထားခဲ့တဲ့ စစ်အုပ်စုစစ်ကြောင်းတစ်ကြောင်း၊ ညောင်ဂျစ်ပင်ပျူစောထီးစခန်းကနေ စစ်ကြောင်းထိုးထွက်နေတဲ့ စစ်အုပ်စုစစ်ကြောင်းတစ်ကြောင်းနဲ့ မြစ်‌ခြေ ကျွန်းချောင်း အနီးက ဆိက္ခဝကျေးရွာကို ပုဂံ‌-ညောင်ဦးက စက်လှေနဲ့ကူးလာတဲ့ စစ်အုပ်စုစစ်ကြောင်းတစ်ကြောင်းနဲ့ ခန့်မှန်းအင်အား ၅၀၀ ခန့်ပါတဲ့ စစ်အုပ်စုစစ်ကြောင်း သုံးကြောင်းခွဲထိုးနေတာဖြစ်ပါတယ်။

ညောင်ဂျစ်ပင်ပျူစောထီးစခန်းကနေ ထွက်လာတဲ့ ခန့်မှန်းအင်အား ၁၅၀ ခန့်ပါစစ်ကြောင်းက  ကူကျေးရွာအုပ်စု မြေပတောင်းကျေးရွာတို့ကို ဝင်ရောက်ပြီးနောက် ကျေးရွာဘုန်းကြီးကျောင်းမှာ တရားနာတာနဲ့ ပိုက်ဆံ‌ဝေပေးတာတွေ လုပ်ဆောင်သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မြေပတောင်း ပြည်သူတွေကိုတစ်ထောင်ပေးခဲ့တာ၊ ရွာထဲကလူတွေ ဘုန်းကြီးကျောင်းခေါ်တယ်။ တရားနာခိုင်းတယ်။ ပိုက်ဆံပေးခဲ့တယ်အဲလိုကြားတယ်” 

မြေပတောင်းကျေးရွာနဲ့အနီးအနားကကျေးရွာတွေက ပြည်သူတွေဟာ စစ်အုပ်စုစစ်ကြောင်းလာချိန်မှာ တချို့ပြည်သူတွေက စစ်ဘေးရှောင်ကြပြီး တချို့က စစ်ဘေး‌မရှောင်ဘဲကျေးရွာတွေမှာ နေထိုင်နေကြတာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုစစ်ကြောင်းက ကျေးရွာတွေက ပြည်သူတွေကို သူတို့လုပ်နေကြ ပုံစံအတိုင်း ဖမ်းဆီးတာမျိုး၊ရိက္ခာတွေ လုယူတာမျိုးတွေ မရှိဘဲ ဝယ်ယူစားသောက်တာနဲ့ ပြည်သူတွေကို ရွေးကောက်ပွဲအတွက် စည်းရုံးရေး စကားပြောတာတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဘုန်းကြိးကျောင်းတော်တော်များများမှာ ဆွမ်းကပ်တာတွေရှိတယ်။ ပြည်သူတွေဆီကနေ‌ ရွာဝင်တယ်ဆိုရင်တောင် အခုစစ်ကြောင်းက မုန့်တွေဘာတွေ ယူစားချင်ရင်တောင် ပိုက်ဆံပေးစားတာမျိုး၊ အရက်

သောက်ချင်တယ်ဆိုရင်လည်း လုတာမရှိဘူးပေါ့။ အခုက ဝယ်တာများတယ်ပေါ့၊ သူတို့က အရင်လူတွေလို မရိုင်းပါဘူး အဲလိုမျိုးတွေ ပြောတာတွေ တွေ့ရတယ်ပေါ့”

စစ်အုပ်စုစစ်ကြောင်းက ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ ထိတွေ့မှုဖြစ်ပွားတာရှိခဲ့ပေမဲ့ တိုက်ပွဲဖြစ်ပြီးနောက်ပြန်ဆုတ်သွားကာ အနီးအနားက ကျေးရွာတွေကို စစ်ကြောင်းဆက်ထိုး နေတယ်လို့ ဆိုပါတယ်။

ညောင်းဂျစ်ပင်ပျူစောထီးစခန်းက ထွက်လာတဲ့ စစ်အုပ်စုစစ်ကြောင်းကလည်း ပြည်သူတွေ ဖမ်းဆီးတာတွေရှိခဲ့ပြီး မကြာခင်မှာပဲ ပြန်လွတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

‌ပခုက္ကူတပ်မ ၁၀၁ ကနေ ကားကိုးစီးနဲ့ စစ်အုပ်စုခန့်မှန်းအင်အား ၂၀၀ ခန့်ပါစစ်ကြောင်းက စစ်ကြောင်းနှစ်ကြောင်းခွဲကာ ကန်တော်ကျေးရွာကို တစ်ကြောင်အရင်ရောက်‌လာတာကြောင့် ပခုက္ကူနဲ့မြိုင်နယ် အစပ်က အနောက်ညောင်တွင်းကျေးရွာနဲ့ စိုင်ဂေါင်းကျေးရွာတို့က ဒေသခံပြည်သူ ငါးရာခန့် ကြိုတင်စစ်ဘေးရှောင်နေကြရတယ်လို့ဆိုပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button