မကွေးသတင်း

ညောင်ဦးနယ် ငါးသရောက်မှာ စစ်အုပ်စုစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် ထိခိုက်သေဆုံးသူတွေရှိ

အီသာရမ်/MFP ၊ နိုဝင်ဘာ – ၁

မ‌န္တလေးတိုင်း ညောင်ဦးမြို့နယ် ငါးသရောက်မြို့က ထွက်လာတဲ့ စစ်အုပ်စုစစ်ကြောင်း‌ကို အောက်တိုဘာလ ၂၉ ရက်နေ့က တော်လှန်ရေးတပ်တွေ အသင့်စောင့်ဆိုင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်အုပ်စုအထိနာကာ ကျေးရွာတွေကို မီးရှို့ပြီး ပြန်ဆုတ်သွားတယ်လို့ Popa Gurilla Force က သတင်းထုတ်ပြန်ပါတယ်။

ညောင်ဦးမြို့နယ် ငါးသရောက်မြို့ရဲစခန်းကနေ ခန့်မှန်းအင်အား ၁၀၀ ခန့်ပါတဲ့ စစ်ုအုပ်စုစစ်ကြောင်းက ကျေးရွာတွေကို ဦးတည်စစ်ကြောင်းထိုးလာတာဖြစ်ပြီး တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ နာရီဝက်

နီးပါး ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်အုပ်စုတပ်ဖွဲ့ဝင် ရှစ်ယောက် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း များတယ်လို့ Popa Gurilla Force အဖွဲ့တာဝန်ခံက ပြောပါတယ်။

“‌ကျွန်တော်တို့ သတင်းရတာကတော့ ညောင်ဦးဆေးရုံကိုပို့တဲ့ ၁၈ ယောက်ကလည်း တချို့တော့ သေတယ်လို့ ပြောတယ်။ မြေပြင်မှာတင်ကိုက ရှစ်ယောက်လောက်သေဆုံးတယ်။ အဲဒါက အပြန်အလှန်ထိတွေ့တိုက်ပွဲအတွင်းမှာဗျ၊ ကြာတော့ ကြာတယ် နာရီဝက်ဝန်းကျင်လောက်တော့ရှိမယ်” 

တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရသွားတဲ့ စစ်အုပ်စုတပ်သားတွေကို ငါးသရောက်မြို့ကတဆင့် ညောင်ဦးဆေးရုံကို ပို့ဆောင်ဆေးကုသသနေကြပြီး ညောင်ဦးဆေးရုံမှာတင် ထပ်မံသေဆုံးတာတွေ ရှိတယ်လို့သူကဆိုပါတယ်။

တိုက်ပွဲမှာ အထိနာသွားတဲ့ စစ်အုပ်စုတပ်ထဲက တချို့တဝက်က ငါးသရောက်မြို့ကို တပ်ပြန်ဆုတ်သွားပြီး ဒရုန်းနဲ့ မီးလောင်ဗုံးတွေနဲ့ ကြဲချခဲ့တာကြောင့် အိုရင်းကျေးရွာက နေအိမ် ၁၅ လုံးခန့်မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုစစ်ကြောင်းထိုးလာမှာ စိုးရိမ်တာကြောင့် အိုရင်းကျေးရွာနဲ့ အနီးအနားမှာရှိတဲ့ ကျေးရွာတွေက ပြည်သူငါးရာခန့် ထွက်ပြေးတိမ်းရှောင်နေကြရပြီး စစ်အုပ်စုစစ်ကြောင်း ပြန်ဆုတ်သွားချိန်မှာတော့ ကျေးရွာတွေမှာ နေထိုင်နေကြပြီလို့ ဆိုပါတယ်။

ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်တဲ့ ပုဂံ-ညောင်ဦး နယ်မှာ စစ်အုပ်စုက အောက်တိုဘာလထဲမှာပဲ ဆက်တိုက်နီးပါး စစ်ကြောင်းထိုး မွှေနှောက် ကာ ပြည်သူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ဆက်တိုက်ပြုလုပ်နေတာ ဖြစ်ပါတယ်။

အောက်တိုဘာလ ၂၃ ရက်နေ့က ညောင်ဦးနယ် အနောက်ခြမ်းကို စဉ့်ကူရဲစခန်းကနေ စစ်အုပ်စုခန့်မှန်းအင်အား ၃၀၀ ခန့်ပါစစ်ကြောင်းက သုံးကြောင်းခွဲထိုးနေပြီး မီးလောင်ဖျားတောင်ရွာနဲ့မြောက်ရွာ တို့က နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button