တိုက်ပွဲအတွင်း စစ်သုံ့ပန်းသုံးဦးနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိ
အီသာရမ်/MFP ၊ နိုဝင်ဘာ – ၃
မကွေးတိုင်းက ပခုက္ကူမြို့နယ်နဲ့ပေါက်မြို့နယ်တို့မှာ စစ်အုပ်စုစစ်ကြောင်းတွေ ဆက်တိုက်ထိုးနေတာကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရကာ စစ်အုပ်စုစစ်ကြောင်းတွေ တော်လှန်ရေးအင်အားစုတွေကြား ထိတွေ့တိုက်ပွဲတွေလည်း ရှိနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
အောက်တိုဘာလ ၂၀ ရက်နေ့က စပြီး ပခုက္ကူမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကို ဦးတည်ပြီး စစ်အုပ်စုက စစ်ကြောင်းထိုးလာတာဖြစ်ပြီး ကမ္မမြို့အနီးက ကျေးရွာတွေနဲ့ မြစ်ခြေမြို့ ကျွန်းချောင်း အနီးက ကျေးရွာတွေကို မီးရှို့ဖျက်စီးတာ ပြည်သူတွေ သတ်ဖြတ်တာတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မြစ်ခြေမြို့ ကျွန်းချောင်း ဘိလပ်မြေစက်ရုံကို ခန့်မှန်းအင်အား ၂၀၀ ခန့်ပါတဲ့ စစ်အုပ်စုစစ်ကြောင်းက ပုဂံ-ညောင်ဦးကနေ စက်လှေနဲ့ကူးလာပြီး အနီးအနားကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေအပြင် မြို့စိုးကျေးရွာက ပြည်သူသုံးဦးကိုလည်း စစ်အုပ်စုစစ်ကြောင်းက သတ်ဖြတ်သွားတယ်လို့ ယူဆကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။
“မြို့စိုးတို့ ပေါက်တောတို့ အကုန်လုံး မီးရှို့ခံရတာဗျ၊အိုင်ကြီးတို့ဘာတို့ကဝင်တယ် မီးရှို့မသွားဘူးဗျ ဝင်ပြီးတော့ မွှေနှောက်သွားတာလို့ ပြောတယ်၊ကျွန်တော်တိုလည်း ဝင်လို့မရသေးဘူးဗျ ကျွန်တော်တို့ နယ်မြေကို ဝင်ရှင်းလို့ မရသေးဘူး၊နောက်ချန်ကင်းတွေလည်းချထားတယ်လို့ပြောလို့၊ပြည်သူ သုံးယောက်လည်း သတ်သွားတယ်လို့ ကြားထားတယ်၊အတိအကျတော့ မဟုတ်သေးဘူး ဝင်လို့မရသေးလို့”
စစ်အုပ်စုစစ်ကြောင်းကြောင့် မြို့စိုးကျေးရွာ၊ ပေါက်တောကျေးရွာ၊ ညောင်နီပင်ကျေးရွာ၊ ညောင်လှကျေးရွာ၊ အိုင့်ကြီးကျေးရွာနဲ့ သိမ်တော်ကျေးရွာစတဲ့ အနီးအနားကျေးရွာတွေမှာ နေထိုင်တဲ့ ဒေသခံပြည်သူ ငါးထောင်ခန့်ထွက်ပြေးတိမ်းရှောင်နေကြရသလို မြို့စို့ကျေးရွာနဲ့ ပေါက်တောကျေးရွာတို့က နေအိမ်အများအပြားကို မီးရှို့ဖျက်ဆီးသွားပေမဲ့ နယ်မြေမရှင်းလင်းသေးတာကြောင့် အိမ်အရေအတွက်မသိရသေးဘူးလို့ ဆိုပါတယ်။
စစ်အုပ်စုစစ်ကြောင်းဟာ တန့်ကြည့်တောင်ခြေက ကျေးရွာတွေကို ဦးတည်စစ်ကြောင်းထိုးနေပြီး ဒီနေ့မနက်မှာတော့ ဒဲ့ပြားကျေးရွာဘက်ကို ရောက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကမ္မမြို့နဲ့ မြစ်ခြေမြို့ကြားက ကျေးရွာတွေကိုလည်း ညောင်ဂျစ်ပင်ပျူစောထီးစခန်းကထွက်လာတဲ့ စစ်အုပ်စုခန့်မှန်းအင်အား ၃၀၀ ခန့်ပါစစ်ကြောင်းက စစ်ကြောင်းထိုးနေပြီး ကျပ်ပြည့်ကျေးရွာကိုလည်း စစ်အုပ်စုတွေက မီးရှို့ဖျက်ဆီးသွားတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုစစ်ကြောင်းကြောင့် ကမ္မနဲ့မြစ်ခြေမြို့ ကြားက ကျေးရွာတွေဖြစ်တဲ့ ကျထိုးကျေးရွာ၊ကျပ်ပြည့်ကျေးရွာ ၊အုန်းတော ၊ချောင်းဆုံ နဲ့ ချောင်းခွ ကျေးရွာ စတဲ့ ကျေးရွာတွေက ပြည်သူ ငါးထောင်ခန့် ထွက်ပြေးတိမ်းရှောင်နေရတာကြောင့် ပခုက္ကူနယ် အနောက်ခြမ်းမှာ စစ်ဘေးရှောင်ပြည်သူ သောင်းနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။
အောက်တိုဘာလ ၂၉ ရက်နေ့မှာ ပေါက်မြို့နယ်မှာလည်း ကာကွယ်ရေးပစ္စည်းစက်ရုံ-ကပစ ၂၄ ကနေ တပ်မ-၉၉ လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့ ၄၁၉၊၁၀၉ နဲ့ ၁၄ တို့ပူးပေါင်းထားတဲ့ စစ်အုပ်စုခန့်မှန်းအင်အား ၄၀၀ ဝန်းကျင်ခန့်က ပေါက်တောင်ပိုင်းကျေးရွာတွေကို ဦးတည်စစ်ကြောင်းထိုးလာတာဖြစ်ပြီး အောက်တိုဘာလ ၃၁ ရက်နေ့ မနက် ၂ နာရီဝန်းကျင်မှာ ချက်ကန်ကျေးရွာ စာသင်ကျောင်းမှာ စခန်းချနားနေချိန်မှာ တော်လှန်ရေးတပ်တွေ ဖမ်းဆီးရမိခဲ့တာလို့ Young Revolution Forceရဲ့ ရဲဘော်လွင်မိုးသန့်က ပြောပါတယ်။
“ချက်ကန်ရွာစာသင်ကျောင်းကိုသွားပြီး နားနေတဲ့အချိန်မှာ စာသင်ကျောင်းအနီးက နေအိမ်တွေကို မီးရှို့တယ် ပြည်သူပိုင် ပစ္စည်းတွေ သတ်ဖြတ်စာသောက်တယ်၊ဝက်တွေ သတ်ဖြတ် စားသောက် နေတဲ့အချိန်မှာ သူတို့နဲ့အနီးကပ်ဆုံးစောင့်ကြည့်နေတာ ရှိတယ်ပေါ့နော် ၊ကျွန်တော်တို့ စောင့်ကြည့်နေတဲ့ အိမ်အနီးကို သူတို့စစ်ကောင်စီတပ်သား သုံးယောက်ရောက်လာတယ်ပေါ့နော် ။နှစ်ယောက်ကတော့ အလက်ပါတယ်,တစ်ယောက်ကတော့ အလက်မပါဘူး၊သူတို့ကြက်ဖမ်းနေတဲ့အချိန်မှာ MA3 ကိုင်ထားတဲ့သူက ဂန်းကိုလွယ်ထားတယ်၊MA2 လွယ်ထားတဲ့သူက ဂန်းကိုချထားပြီးတော့ ကြက်ဖမ်းနေတဲ့အချိန်မှာ ကျွန်တော်တို့ ရဲဘော်တွေ ဝိုင်းဝန်းတပ်ဖြန့်နေရာယူ ဖမ်းဆီးလိုက်တာဖြစ်ပါတယ်”
စစ်အုပ်စုသုံးဦးကို YRF ရဲဘော်တွေနဲ့ ပခုက္ကူခရိုင်တပ်ရင်း-၁၂ က ရဲဘော်တွေက ဝိုင်းဝန်းဖမ်းဆီးခဲ့တာဖြစ်ပြီး တော်လှန်ရေးတပ်တွေက စစ်ဆေးမေးမြန်းနေဆဲဖြစ်တယ်လို့ သူက ဆိုပါတယ်။
စစ်အုပ်စုစစ်ကြောင်းထွက်သွားတဲ့ လမ်းပိုင်းမှာ Young Revolution Force က မိုင်းတွေနဲ့အသင့်စောင့်ဆိုင်းတိုက်ခိုက်ခဲ့တာကြောင့် နယ်မြေရှင်းလင်းတဲ့အချိန်မှာ စစ်အုပ်စု အလောင်းနှစ်လောင်းနဲ့ လက်နက်ခဲယမ်းတွေကို ထပ်မံသိမ်းဆည်းရမိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ပေါက်မြို့နယ်အရှေ့ပိုင်းမှာလည်း စစ်အုပ်စုစစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာ ငါးရွာခန့်က ဒေသခံပြည်သူ ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင် နေကြရသလို ပခုက္ကူခရိုင်နဲ့ပေါက်မြို့နယ်တို့ကို စစ်အုပ်စုအင်အားတွေတိုးချဲ့ပြီး စစ်ကြောင်းထိုးနေတာတွေရှိတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိဖို့နဲ့ လေကြောင်းအန္တရာယ်ကို သတိထားကြဖို့ တော်လှန်ရေးအဖွဲ့တွေက တိုက်တွန်းထားပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



