မကွေးသတင်း

မြင်းခြံနယ် လယ်သစ်ရွာ ပူးပေါင်းဂိတ်စခန်းကို စီးနင်းတိုက်ခိုက်ရာမှာ ပျူစောထီးခေါင်းဆောင်အပါဝင် ရှစ်ဦးသေဆုံး

MFP ၊ နိုဝင်ဘာ – ၅

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် လယ်သစ်ရွာ စစ်အုပ်စုပူးပေါင်းဂိတ်စခန်းကို နိုဝင်ဘာ ၄ ရက် နေ့လယ်ပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်အုပ်စုခန့် အုပ်ကြီးအပါဝင် ရှစ်ဦးသေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရသွားတယ်လို့ မြင်းခြံခရိုင် အမှတ် (၇) တပ်ရင်း – Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက MFP ကို ပြောပါတယ်။

မြင်းခြံမြိုနယ်က စစ်အုပ်စု အမှတ်-၁၅ ခြေမြန်တပ်ရင်းရဲ့မြောက်ဘက် နှစ်မိုင်အကွာက မြင်းခြံ-နဘူးအိုင် ကားလမ်းပေါ်ရှိ လယ်သစ်ရွာ စစ်အုပ်စု ပူးပေါင်းဂိတ်စခန်းကို မနေ့က နေ့လယ် ၂ နာရီဝန်းကျင်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားချိန် မိနစ် ၃၀ ဝန်းကျင်သာ ကြာမြင့်ခဲ့ပြီး စစ်အုပ်စုဘက်က လယ်သစ်ရွာ အုပ်ချုပ်ရေးမှူး ပျူခေါင်းဆောင် ငမင်းအပါအဝင် ရှစ်ဦးသေဆုံးတယ်လို့ ကိုသက်ကြီးက ပြောပါတယ်။

“လယ်သစ်ဂိတ်ကို စီးနင်းတိုက်ခိုက်မှုမှာ စကစခန့်ထားတဲ့ လယ်သစ်ရွာ အုပ်ကြီးငမင်း အပါဝင် စခ၊ ရခ၊ ပခ ရှစ်ကောင်သေဆုံးခဲ့ပြီးတော့ ၁၀ ယောက်ကျော် ထိခိုက်ဒဏ်ရာခဲ့တယ်လို့ နယ်မြေခံတွေဆီကနေ ကျွန်တော်တို့ သတင်းအတိအကျရထားပါတယ်။ ဒီတိုက်ပွဲမှာက ကျွန်တော်တို့ zero ပြောက်ကျားတပ်ဖွဲ့နဲ့ မြင်းခြံ-ပကဖ အပါဝင် ရဲဘော်တွေကတော့ တစုံတရာမှ ထိခိုက်မှုမရှိဘဲနဲ့ အောင်မြင်စွာနဲ့ တိုက်ခိုက်နိုင်ခဲ့သလို မိမိတို့ဌာနေကိုလည်း ချောမွေ့စွာနဲ့ ပြန်နိုင်ခဲ့ပါတယ်”

လယ်သစ်ရွာ စစ်အုပ်စု ဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ချိန် စခန်းအတွင်း ဘန်ကာထဲဝင်ပြေးပုန်းသွားတဲ့ စစ်အုပ်စုတွေကို RPG နဲ့ ပစ်ခတ်ခဲ့ရာမှာ စစ်အုပ်စုအများအပြား လွင့်စင်သေဆုံးခဲ့တယ်လို့လည်း မြင်းခြံခရိုင် အမှတ် (၇) တပ်ရင်း – Zero ပြောက်ကျားတပ်ဖွဲ့က ဒီကနေ့ နိုဝင်ဘာ ၄ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအတွင်းမှာ သေဆုံးသွားတဲ့ စစ်အုပ်စုတွေဆီက လက်နက်ခဲယမ်းတွေ ကောက်ယူဖို့ကြိုးစားခဲ့ပေမဲ့ မြင်းခြံ ခမရ-၁၅က စစ်အုပ်စုတွေ စစ်ကူရောက်လာတာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ကိုသက်ကြီးက ဆက်ပြောပါတယ်။

“ကျွန်တော်တို့ ဂိတ်စခန်းကိုစီးနင်းတိုက်ခိုက်ပြီးတော့ ဘန်ကာထဲက လက်နက်တွေကောက်ဖို့ ကြိုးစားခဲ့ပေမယ်လို့ ခမရ-၁၅ ကနေ စစ်ကားကြီး သုံးစီးနဲ့ ကားလေးတစ်စီး သေနတ်တွေ ပစ်ဖောက်ပြီးတော့ အချိန်တိုအတွင်း စစ်ကူရောက်လာတယ်။ မိနစ်ပိုင်းလေးပဲ ရောက်လာတာပေါ့။ အဲဒါကြောင့် ရဲဘော်တွေအန္တရာယ်ကင်းစေဖို့ ခွာစစ်အသွင်ဆင်ခဲ့ပါတယ်။ အဲဒီလို ခွာစစ်ဆင်တဲ့အချိန်မှာ ရွာထဲက ဒလန်ဖြစ်တဲ့ အမျိုးသား နှစ်ယောက်ကို ဖမ်းဆီးခဲ့ပြီး သက်ဆိုင်ရာကို ကျွန်တော်တို့ အပ်နှံပေးခဲ့ပါတယ်”

လယ်သစ်ရွာ စစ်အုပ်စု ဂိတ်စခန်းတိုက်ပွဲကို မြင်းခြံခရိုင် အမှတ် (၇) တပ်ရင်း – Zero ပြောက်ကျားတပ်ဖွဲ့နဲ့အတူ ရွှေကန်သားစစ်ကြောင်း (မြင်းခြံမြို့နယ်-ပကဖ)တို့ ပူးပေါင်းပြီး စစ်သူကြီး(ဒေါင်းစစ်သည် – zero column 5)က စစ်ကြောင်းမှူးအဖြစ် ဆောင်ရွက်ကာ ရန်ကုန် အကြီးကောင် စစ်ကြောင်း(၁)၊ ရွှေကန်သား စစ်ကြောင်း (၂) တို့က အချိန်တိုအတွင်း စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

မြင်းခြံမြို့နယ်ထဲမှာ မနေ့က နိုဝင်ဘာ ၄ ရက် တစ်ရက်တည်းမှာပဲ စစ်အုပ်စု စခန်းနှစ်ခုကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး မြင်းခြံမြို့တောင်ဘက်ရှိ စစ်အုပ်စု ဂိတ်စခန်းတစ်ခုကိုလည်း မနက်ပိုင်းမှာ zero ပြောက်ကျားတပ်ဖွဲ့နဲ့အတူ မြင်းခြံခရိုင် တပ်ရင်း(၁)၊ မြင်းခြံခရိုင် – ပကဖ တို့ ပူးပေါင်းပြီး စီးနင်းတိုက်ခိုက်ခဲ့သေးတယ်လို့ zero ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

မြင်းခြံမြို့နယ်ထဲမှာ စစ်အုပ်စုနဲ့ သီတာယုမွန်ဦးဆောင်တဲ့ ပျူတွေက လမ်းပိုင်းတွေပေါ် ဂိတ်စခန်းဖွင့်ကာ ဒေသခံတွေနဲ့ ခရီးသွားပြည်သူတွေကို ဖမ်းဆီးငွေညှစ်တာ၊ အဖိုးတန်ပစ္စည်းတွေလုယက်တာတွေအပြင် ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးပြီး လူသတ်၊ လုယက်၊ မီးရှို့တာတွေ မကြာခဏ လုပ်ဆောင်နေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button