မကွေးသတင်း

ကံမမြို့နယ်က ရေနံသာရဲကင်းစခန်းကို တော်လှန်ရေးတပ်တွေ ဝိုင်းဝန်းတိုက်ခိုက်ရာမှာ စစ်အုပ်စု ခုနစ်ဦးသေဆုံး၊ဘန်ကာလေးခုအထိ သိမ်းပိုက်နိုင်ခဲ့ပြီး ကပစ-၁၂ ကိုလည်း ရှော့တိုက်ဒုန်းနဲ့ပစ်ခတ်နိုင်ခဲ့

အီသာရမ်/MFP ၊ နိုဝင်ဘာ – ၇

မကွေးတိုင်း၊ သရက်ခရိုင် ကံမမြို့နယ်က စစ်အုပ်စုအထိုင်ရဲစခန်းတစ်ခုကို နိုဝင်ဘာလ ၆ ရက် မနက် ၆ နာရီခန့်မှာ တော်လှန်ရေးတပ်တွေက ဝိုင်းဝန်းတိုက်ခိုက်ခဲ့တာကြောင့် စစ်အုပ်စု ခုနစ်ဦး သေဆုံးကာ တော်လှန်ရေးရဲဘော်နှစ်ဦးလည်း ကျဆုံးခဲ့တယ်လို့ သရက်ခရိုင် အမှတ်-၄ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သရက်-ကံမလမ်းပိုင်းက စစ်အုပ်စုအင်အား သုံးဆယ်ခန့်နဲ့ အထိုင်ချတပ်စွဲထားတဲ့ ရေနံသာရဲကင်းစခန်းကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်နိုင်ဖို့ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲကကြာမြင့်ခဲ့သလို ထင်ထားတာထက် ပိုမိုပြင်းထန်ခဲ့တယ်လို့ သရက်ခရိုင် အမှတ်-၄ တပ်ရင်း ပြန်ကြားရေးတာဝန်ခံကိုမြတ်က ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်အုပ်စုခုနစ်ဦး မျက်မြင်သေဆုံးခဲ့သလို ဘန်ကာ ခြောက်ခုထဲက လေးခုကို သိမ်းပိုက်ရရှိပြီးနောက် မြေပြင်အခြေအနေရ ထိုးစစ်ဆင်တာ ရပ်နားခဲ့ရပြီး တော်လှန်ရေးရဲဘော်နှစ်ဦးလည်း တိုက်ပွဲအတွင်းမှာ ကျဆုံးခဲ့တယ်လို့ သရက်ခရိုင် အမှတ်-၄ တပ်ရင်းက ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောပါတယ်။

“ရေနံသာရဲကင်းစခန်းကို တိုက်ခိုက်တဲ့အခြေအနေမှာဆိုလို့ရှိရင် တိုက်ပွဲက ထင်မှတ်ထားတာထက် ပိုပြီးတော့ ပြင်းထန်တယ်။ သူတို့ရဲ့ခုခံမှုကလည်း ပိုပြီးတော့ပြင်းထန်တယ်။ နောက်ပြီးတော့ သူတို့ရဲ့ခြံစည်းရိုးတွေ ဘန်ကာတွေကို ကျွန်တော််တို့ခက်ခက်ခဲ ကျော်ဖြတ်ပြီးတော့မှ ဘန်ကာခြောက်ခုထဲကလေးခုကို သိမ်းပိုက်နိုင်ခဲ့တယ်။ ကျွန်တော်တို့ ဆက်လက််သိမ်းပိုက်ဖို့် လုပ်တဲ့အခါမှာ တိုက်ပွဲချိန်က နှစ်နာရီခွဲကျော်လောက်ဖြစ်လာတယ်။ နောက် ကျွန်တော်တို့ ရဲဘော်နှစ်ယောက်လည်းကျဆုံးတာရှိတယ် မြေပြင်အခြေအနေအရလည်း ဆုတ်ခွာခဲ့လိုက်တယ်ပေါ့နော်”

စစ်အုပ်စုစခန်းသိမ်းတိုက်ပွဲဖြစ်ပွားနေချိန်မှာပဲ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ- ၁၂)ကို ၁၂၂ – မမ ရှော့တိုက်ဒုန်း‌ ငါးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ ပစ္စည်းထုတ်လုပ်ရာ စက်ရုံအတွင်းကို လေးလုံးကျရောက်ပေါက်ကွဲခဲ့သလို ကပစ-၁၂ က ဗျူဟာမှုးအဆင့်ရှိသူက အောင်လံမြို့ကို ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ ဆိုပါတယ်။

ကပစ-၁၂ ကို တော်လှန်ရေးတပ်တွေက ရှော့တိုက်ဒုန်းနဲ့ပစ်ခတ်နေချိန်မှာပဲ စစ်အုပ်စုကလက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် ညောင်ပင်သာကျေးရွာက နေအိမ်ပေါ် ကျရောက်ပေါက်ကွဲကာ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွားနေချိန်မှာ ကာကွယ်ရေးပစ္စည်းစက်ရုံ-ကပစ ၁၂ နဲ့ ကံမမြို့ကနေ စစ်ကူပေးဖို့ သရက်မြို့ကနေ ပြည်သူစက်လှေတွေကိုအသုံးပြုပြီး ဧရာဝတီမြစ်ကနေ စစ်ကူပေးဖို့ ကြိုးစားခဲ့ပြီး ကံမမြို့ကနေ ရေနံသာရဲစခန်းရှိရာကို စစ်ကူလာချိန်မှာ လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်တာကြောင့် ပုဇင်းနိမ့်ကျေးရွာနဲ့ အုတ်ပုံကျေးရွာတို့ကို ကျရောက်ပေါက်ကွဲပြီး ပြည်သူအမျိုးသမီးသုံးဦးထိမှန်ပြီး တစ်ဦးမှာ ထိခိုက်ဒဏ်ရာပြင်းထန်တာကြောင့် အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ လမ်းပိုင်းတွေမှာ စစ်အုပ်စုအင်အားတိုးထားတာနဲ့ လုံခြုံရေးတင်းကြပ်ထားသလို နှစ်ဖက်စစ်ရေးအခြေအနေလည်း တင်းမာနေဆဲဖြစ်တာကြောင့် တိုက်ပွဲဖြစ်ပွားတဲ့ဒေသနဲ့ လမ်းပိုင်းတွေကို ခရီးသွားလာတာ မပြုလုပ်ဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထုတ်ပြန်ထားပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button