အီသာရမ်/MFP ၊ နိုဝင်ဘာ – ၇
မကွေးတိုင်း၊ ပခုက္ကူနယ် မြစ်ခြေ-ကျွန်းချောင်းဘက်ကိုရောက်နေတဲ့ စစ်အုပ်စုစစ်ကြောင်းဟာ နိုဝင်ဘာလ ၂ ရက်နေ့က ဒေသခံ CDM ကျောင်းဆရာတစ်ဦးကို အရှင်ဖမ်းဆီးကာ သေနတ်နဲ့ပစ်
သတ်ပြီး ရုပ်အလောင်းကို လက်စဖျောက်တဲ့အနေနဲ့ မီးရှို့သွားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
မြစ်ခြေ-ကျွန်းချောင်းဒေသကို ခန့်မှန်းအင်အား ၂၀၀ ခန့်နဲ့ စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုဟာ မြစ်ခြေမြို့ရဲ့အနောက်ဘက် ၂ မိုင်ခန့်အကွာက ညောင်လှကျေးရွာကို စီးနင်းဝင်ရောက်ပြီး အထက်တန်းပြ ကျောင်းဆရာတစ်ဦးကို ဖမ်းဆီးကာ ဦးခေါင်းကို သေနတ်နဲ့ပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။
သတ်ဖြတ်ခံရတဲ့ ကျောင်းဆရာဟာ အသက် ၆၆ နှစ်အရွယ် ဆရာထူးဖြစ်ပြီး မီးရှို့ခံရတဲ့ သူ့ရဲ့ရုပ်အလောင်းကိုစစ်ဆေးရာမှာ ဦးခေါင်းခွံတည့်တည့်မှာ သေနတ်ဒဏ်ရာ သုံးချက်တွေ့ရတယ်လို့ ဒေါင်းရင်သွေးပြောက်ကျားတပ်ဖွဲ့က ရဲဘော်တစ်ဦးက ပြောပါတယ်။
“အရှင်မိသွားတာစစ်ကြောင်းထဲမှာ သေနတ်နဲ့ခေါင်းကိုသုံးချက် ပစ်သတ်ပီး နွားစာပုံအလည်ခေါင်ထဲထည့်ပီး မီးရှို့ခဲ့တာ။ စစ်ကြောင်းထိုးတဲ့မနက်အစောကြီး ဆရာက ပုံမှန် လက်ဖက်ရည်ဆိုင်သွားနေကြ။ ဆိုင်ကိုသွားတဲ့အသွားမှာ စစ်ကြောင်းကကျော်ပီး ဖမ်းမိသွားတာပါ။ အရှင်မိပီး ပစ်သတ်ပီးမှ မီးရှိုခဲ့တာပါ”
စစ်အုပ်စုသတ်ဖြတ်သွားတဲ့ ဆရာထူးဟာ အထက်တန်းပြ ကျောင်းဆရာတစ်ဦးဖြစ်ပြီး လူချစ်လူခင်ပေါများသလို ဒေသလူငယ်တွေအတွက်လည်း အားကစားဘက်မှာလည်း ပံ့ပိုးကူညီဆောင်ရွက် နေသူဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီစစ်အုပ်စုစစ်ကြောင်းက ပုဂံ-ညောင်ဦးကနေ ဧရာ၀တီမြစ်တစ်ဖက်ကမ်းက ဆိက္ခဝကျေးရွာဘက်ကို စက်လှေနဲ့ကူးလာခဲ့တဲ့ တပ်မ – ၉၉ လက်အောက်ခံ တပ်ရင်းတွေဖြစ်ပြီး ကျွန်းချောင်းစက်ရုံတွေကနေတဆင့် စစ်ကြောင်းထိုးလာဖြစ်ပါတယ်။
စစ်အုပ်စုစစ်ကြောင်းက ညောင်လှကျေးရွာက ဆရာထူးကို သတ်ဖြတ်ပြီးနောက် ကျေးရွာဘုန်းကြီးကျောင်းကနေတဆင့် အနီးအနားကျေးရွာတွေဖြစ်တဲ့ မြို့စိုးနဲ့ ပေါက်တောကျေးရွာက နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ အပြန်အလှန်ပစ်ခတ်တာတွေနဲ့ တိုက်ပွဲတွေပြင်းထန်နေပေမဲ့ စစ်အုပ်စုတပ်ဘက်က အင်အာင်းအလွန်အကျွံနဲ့ စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံတွေ ဖမ်းဆီးသတ်ဖြတ်ခံနေရတာလို့ ဆိုပါတယ်။
ပခုက္ကူနယ်ထဲမှာ တပ်မ-၁၀၁ က စစ်အုပ်စုနည်းဗျူဟာ စစ်ကြောင်းတစ်ကြောင်းအနေနဲ့ ထိုးနေတာဖြစ်ပြီး မြိုင်မြို့နယ်တောင်ပိုင်း ပျူစောထီးစခန်းမှာလည်း တပ်မ -၁၀၁ က စစ်အုပ်စုခန့်မှန်းအင်အား ၃၀၀ ခန့်က အနီးအနားကျေးရွာတွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဆိုပါတယ်။
မြိုင်နယ်တောင်ပိုင်းရောက်နေတဲ့ စစ်အုပ်စုစစ်ကြောင်းက ပြီးခဲ့တဲ့ရက်ပိုင်းမှာ သာစည်ကျေးရွာက စစ်ဘေးရှောင်ပြည်သူတွေကို ဖမ်းဆီးခေါ်ဆောင်သွားပြီးပြီး အမျိုးသမီးတွေကို ပြန်လွှတ်ပေးကာ အမျိုးသားတစ်ဦးကိုတော့ ဆက်လက်ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



