မကွေးသတင်း

မကွေးတိုင်းက တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကို စစ်အုပ်စုတပ်က နည်းဗျူဟာစစ်ကြောင်းတွေနဲ့ စစ်ဆင်ရေးလုပ်နေ


စစ်ကြောင်းတွေကြောင့် ပခုက္ကူခရိုင်အတွင်းက ဒေသခံပြည်သူ သောင်းနဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးနေရ

အီသာရမ်/MFP ၊ နိုဝင်ဘာ – ၈

မကွေးတိုင်းက တော်လှန်ရေးအားကောင်းတဲ့ဒေသတွေဖြစ်တဲ့ ပေါက်၊ မြိုင်နဲ့ပခုက္ကူတို့ကို စစ်အုပ်စုရဲ့တပ်မ ၉၉နဲ့ ၁၀၁ ကနေ နည်းဗျူဟာ စစ်ကြောင်းအလိုက် စစ်ကြောင်းထိုးနေတာကြောင့် ပခုက္ကူခရိုင်အတွင်းက ဒေသခံပြည်သူသောင်းနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

အောက်တိုဘာလ နောက်ဆုံးတစ်ပတ်ကစပြီး ပခုက္ကူတပ်မ- ၁၀၁ ကနေ စစ်အုပ်စုခန့်မှန်းအင်အား ၃၀၀ ခန့်ကို ပခုက္ကူအနောက်ခြမ်းက ပျူစောထီးစခန်းတွေကို အင်အားထပ်ဖြည့်ပြီးနောက်ပိုင်း အနီးအနားကကျေးရွာတွေကို စစ်ကြောင်းထိုးနေတာလို့ ဒေသခံတော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။

ပခုက္ကူနယ် မြစ်ခြေ-ကျွန်းချောင်းဒေသမှာလည်း တပ်မ – ၉၉ အောက်က ခန့်မှန်းအင်အား ၂၀၀ ခန့်ပါတဲ့ စစ်ကြောင်းက ပုဂံ-ညောင်ဦးကနေ ဧရာ၀တီမြစ်ခြားထားတဲ့ ဆိက္ခဝကျေးရွာကို စက်လှေနဲ့ကူးပြီး ကျွန်းချောင်း‌ဘိလပ်မြေစက်ရုံမှာ အထိုင်ချတပ်စွဲနေထိုင်ပြီးနောက် မြစ်ခြေမြို့အနီးက ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပေါက်မြို့နယ်တောင်ပိုင်းက ဆိပ်ဖြူကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၂) ကနေ တပ်မ ၉၉ လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့ ၁၀၉၊၄၁၉ နဲ့ ၁၄ တပ်ရင်း သုံးရင်းပူပေါင်းထားတဲ့ နည်းဗျူဟာ စစ်ကြောင်းက နှစ်ကြောင်းခွဲကာ ပျူစောထီစခန်းတွေကတဆင့် စစ်ကြောင်းထိုးနေတာဖြစ်တယ်လို့ ဒေသခံတော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

“ပေါက်ကကျတော့ ၁၀၉၊၄၁၉နဲ့ ၁၄ အဲလိုဟာမျိုးထဲက နည်းဗျူဟာ တစ်ဗျူဟာစာပေါ့နော်။ မြစ်ခြေရဲ့ ဟိုအောက်ဘက်က ဆိက္ခဝ ချောင်မှာ ရှိတာပေါ့၊ကျွန်းချောင်းတို့ သူလည်း တပ်မ ၉၉ လို့ ပဲ ယူဆရပါတယ်။ မြိုင်နယ်တောင်ပိုင်းရောက်နေတာက အင်အား သုံးရာလေးရာ ရှိမှာဆိုတော့ ပခုက္ကူနယ်မှာလည်း တစ်ဗျူဟာ ပြည့်နိုင်တယ်”

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၄ ရက်နေ့မှာ ပခုက္ကူနယ် အနောက်ခြမ်းပျူစောထီးစခန်းတွေက စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုက မြိုင်နယ်တောင်ပိုင်းက တွင်းမပျူစောထီးစခန်းကို ရောက်ရှိပြီးနောက် သာစည်ကျေးရွာနဲ့နှမ်းဆီကန်ကျေးရွာတို့က စစ်ဘေးရှောင်နေကြရတဲ့ ပြည်သူနေအိမ်တွေကို မီးရှို့ဖျက်ဆီးသလို စစ်ဘေးရှောင် တောတိုက်တွေကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“စစ်ရှောင်တွေက တော်တော်များတယ်ဗျ၊အဲဒီပခုက္ကူနယ်ထဲက စစ်ရှောင်တွေလည်းအများကြီးရှိသလို မြိုင်နယ်ထဲက အခုထက်ထိအောင်တော့ အများကြီးပဲ ရှောင်နေရတုန်းဗျ၊စစ်ရှောင်တွေ အခြေအနေကတော့ သူတို့က အသက်လွတ်ပြီးရော ပြေးနေရတဲ့သဘောပေါ့‌ဗျာ၊စားစရာတောင်တချို့ဆို ပါမလာဘူး၊ပါလာတဲ့သူတွေဆီကနေ မျှစားရတဲ့ သဘောပေါ့၊ယာယီရုတ်တရက် ရှောင်ရတာဆိုတော့ အသက်ဘေးပဲ လွတ်အောင်ပြေးလာရတာပေါ့၊ခုညနေ ဇော်ဂျီတောင်နား ရှောင်ရတာတွေဆိုရင် ကိုယ့်အိမ်မှာရှိတဲ့ ဆိတ်တွေ နွားတွေ ကြက်တွေ အဲဒီအတိုင်းထားခဲ့ပြီး အသက်လွတ်အောင်ပြေးလာရတာဆိုတော့ စားစရာပါမလာဘူးပေါ့”

မြိုင်မြို့နယ်တောင်ပိုင်းက စစ်ကြောင်းတွေကြောင့် တွင်းမကျေးရွာ၊ သာစည်ကျေးရွာနဲ့ နှမ်းဆီကန်ကျေးရွာတို့က စစ်ရှောင်‌ပြည်သူ သုံးထောင်ခန့်ဟာ ရက်ရှည်စစ်ရှောင်နေရတဲ့ တောတိုက်တွေကတဆင့် ထပ်မံစစ်ဘေးရှောင် ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

တွင်းမ‌၊သာစည်နဲ့နှမ်းဆီကန်ကျေးရွာတို့ဟာ ၂၀၂၃ ခုနှစ် အစောပိုင်းကတည်းက တွင်းမပျူစောထီးစခန်းကြောင့် ကျေးရွာတွေမှာ နေလို့မရတော့ဘဲ စစ်ဘေးရှောင်နေကြရတာ သုံးနှစ်ခန့်ရှိပြီ ဖြစ်ပါတယ်။

ဒါ့အပြင် ပေါက်နယ်ကို ရောက်နေတဲ့ တပ်မ- ၉၉ အောက်က နည်းဗျူဟာစစ်ကြောင်းကြောင့် သီးချောက်ကျေးရွာ၊ သရဖီကျေးရွာနဲ့ သပြေအေးကျေး‌ရွာ စတဲ့ ကျေးရွာ ၁၆ ရွာခန့်ကဒေသခံပြည်သူ တစ်သောင်းကျော်ခန့်ထွက်ပြေးတိမ်းရှောင်နကြရတာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုရဲ့ နည်းဗျူဟာစစ်ကြောင်းဟာ တပ်မတစ်ခုအောက်ကနေ တပ်ရင်းသုံးရင်းကို ပူးပေါင်းကာ ခန့်မှန်းအင်အား ၃၀၀နဲ့ ၄၀၀ ကြားမှာ ဖွဲ့စည်းထားတာဖြစ်ပြီး သာမန်စစ်ကြောင်းထိုးထိုးဖို့အတွက် ဖွဲ့စည်းတာမျိုးမဟုတ်ဘဲ စစ်ဆင်ရေးတစ်ခုအနေနဲ့ ဗျူဟာတစ်ခုအဖြစ် ဖွဲ့စည်းတာဖြစ်ပြီး ဗိုလ်မှူးကြီး ဒါမှမဟုတ် ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူက ဗျူဟာမှူးအဖြစ် ကွပ်ကဲတာ ဖြစ်ပါတယ်။

ပခုက္ကူမြို့နယ်ဟာ စစ်အုပ်စုရွေးကောက်ပွဲကျင်းပမဲ့ မြို့နယ်တစ်ခု ဖြစ်တာကြောင့် စစ်အုပ်စုစစ်ကြောင်းက ကျေးရွာတွေကနေ ဖမ်းဆီးရမိတဲ့ ပြည်သူတွေကို ရွေးကောက်ပွဲကို သဘောတူကြောင်း ဖိအားပေး လက်မှတ်ထိုးခိုင်းတာတွေနဲ့ ပိုက်ဆံပေးတာတွေ လုပ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

ပခုက္ကူနယ် မြစ်ခြေ-ကျွန်းချောင်း‌အနီးက ညောင်လှကျေးရွာကို ရောက်ရှိလာတဲ့ တပ်မ ၉၉ လက်အောက်ခံစစ်ကြောင်းက နိုဝင်ဘာလ ၂ ရက်က ညောင်လှကျေးရွာက CDM ကျောင်းဆရာတစ်ဦးကိုလည်း အရှင်ဖမ်းဆီးပြီးနောက် သေနတ်နဲ့အနီးကပ်ပစ်သတ်ပြီး မီးရှို့သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button