ဘဦး/MFP၊ နိုဝင်ဘာ – ၁၁
မကွေးတိုင်း ဂန့်ဂေါ့မြို့နယ် ကျောမြို့က တိုက်ပွဲတွေနဲ့ စစ်အုပ်စုရဲ့ဖမ်းဆီးမှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရေရှည်စစ်ရှောင်နှစ်ရာကျော် စားဝတ်နေရေး ခက်ခဲနေတယ်လို့ စစ်ရှောင်ပြည်သူတွေက MFP ကိုပြောပါတယ်။
အဲဒီ စစ်ရှောင်တွေဟာ စစ်အုပ်စုရဲ့ အမှတ် ၂၃ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး စက်ရုံ(ကပစ-၁၄)အနီးက ကျေးရွာတစ်ရွာမှ နေထိုင်ကြသူတွေဖြစ်ပြီး စစ်အုပ်စုစစ်ကြောင်းတွေကြောင့် ၂၀၂၂ ခုနှစ် အစောပိုင်းကတည်းက တောတောင်တွေအထဲမှာ တိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။
အဲဒီလို ထွက်ပြေးတိမ်းရှောင်ရာကနေ စစ်ကြောင်းရန်ကင်းလွတ်တဲ့ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ကို ရောက်ရှိလာပြီးနောက် စားဝတ်နေရေး ခက်ခဲမှုတွေ ကြုံနေရတယ်လို့ ဆိုပါတယ်။
“ကျမတို့ စစ်ရှောင်ရတာ လေးနှစ်ရှိပြီ၊ ဂန့်ဂေါနယ်တောင်ပေါ်တွေမှာ ရွှေ့ရင်းပြောင်းရင် ခုပုလဲနယ်အတွင်းကိုရောက်လာတာ၊ အလှူရှင်တွေလာရင် ဆန်၊ဆီတော့ရပေမယ့် တောထဲနေရတာဆိုတော့ မီးဖိုဆောင်သုံးပစ္စည်းတွေလည်း လိုအပ်တယ်”လို့ စစ်ဘေး ရှောင်အမျိုးသမီးတဦးက MFP ကိုပြောပါတယ်။
အိမ်ထောင်စု ၅၀ ခန့်၊ လူဦးရေ ၂၀၀ ကျော်ရှိတဲ့ အဲဒီ စစ်ရှောင်တွေအထဲမှာ ကလေးငယ် နှစ်ဆယ်ခန့်လည်း ပညာရေးအတွက် ခက်ခဲနေတယ်လို့ ဆိုပါတယ်။
စစ်ရှောင်အများစုဟာ တောင်ယာလုပ်ငန်းတွေမှာ နေ့စားလုပ်ကိုင်နေကြပြီး ပုံမှန်ဝင်ငွေမရှိဘဲ ရပ်တည်နေရတာကြောင့် စားဝတ်နေရေး ပိုခက်ခဲနေတာ ဖြစ်ပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ဇွန်လ ၂၆ ရက်နေ့ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် ၃ ဒသမ ၅ သန်းရှိနေပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



