နွေဦး/MFP ၊ နိုဝင်ဘာ – ၂၅
မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်အုပ်စုစစ်ကြောင်းတွေကြောင့် ပြီးခဲ့တဲ့ ဩဂုတ်လကနေ နိုဝင်ဘာလအထိ လေးလအတွင်း ရွာပေါင်း ၁၁ ရွာက လူပေါင်းလေးထောင်ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဒေသခံသတင်းအရင်းအမြစ်တွေက ပြောပါတယ်။
အင်အားရာနဲ့ချီပါတဲ့ စစ်အုပ်စုစစ်ကြောင်းတွေဟာ ကပစ-၂၄ရဲ့တောင်ဘက်နဲ့ အနောက်တောင်ဘက်မှာရှိတဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုးကာ နယ်မြေရှင်းလင်းရေးဆောင်ရွက်ဖို့ ကြိုးပမ်းလာတာကြောင့် ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
စစ်ကြောင်းတွေကြောင့် ကျောက်တံခါးရွာ၊ ကျောက်မဲတောင်ရွာ၊ မျှားပိုင်းရွာ၊ ကာလရှည်၊ ခင်အေးရွာ၊ အုံးမှင်ရွာ၊ မကျီးကုန်းရွာ၊ ယောကုန်းရွာ၊ နန်းစဥ်ကုန်းရွာ၊ တယ်ပင်ရွာ၊ ထန်းပင်
ချောင်းရွာနဲ့ ပလောင်းရွာတို့မှာနေထိုင်တဲ့ ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဘာဝင်ငွေမှမရှိတော့၊ စားရေးသောက်ရေးအတော် ခက်ခဲနေကြတယ်။ တချို့တွေဆို ဆန်ပြုတ်တောင် ပြုတ်စားဖို့ ဆန်မရှိတော့လောက်အောင် ခက်ခဲနေတယ်တဲ့”
စစ်ဘေးရှောင်အများစုဟာ နီးစပ်ရာကျေးရွာတွေအပြင် ဆောနဲ့ထီးလင်းမြို့နယ်တို့မှာ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာတွေအပြင် အဝတ်အထည်တွေပါ လိုအပ်နေတယ်လို့ သူကပြောပါ်တယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၄ ရက်ကလည်း ကပစ-၂၄ ကနေ ထွက်လာတဲ့ စစ်အုပ်စုစစ်ကြောင်းတွေဟာ မြို့အနောက်တောင်ဘက်မှာရှိတဲ့ ကျောက်မဲတောင်ရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၁၅ လုံးထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံသတင်းအရင်းအမြစ်တွေက ပြောပါတယ်။
ဒါ့အပြင် စစ်အုပ်စုစစ်ကြောင်းဟာ နိုဝင်ဘာလ ၂၅ ရက် ဒီနေ့အထိ ကျောက်မဲတောင်ရွာအနီးမှာရှိနေပြီး စစ်ကြောင်းရှေ့ဆက်မတိုးဘဲ အခြေအနေကို စောင့်ကြည့်နေတာမျိုး တွေ့နေရတယ်လို့ ဆိုပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



