ဖမ်းဆီးခံရတဲ့ ပြည်သူတွေကို ငွေကြေးတောင်းခံပြီးနောက် စစ်အုပ်စုတပ် ပြန်လွှတ်
အီသာရမ်/MFP ၊ ဒီဇင်ဘာ-၁၀
မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်မှာ စစ်အုပ်စုပြုလုပ်မဲ့ ရွေးကောက်ပွဲမဲစာရင်းနံပါတ်မသိတဲ့ ပြည်သူငါးဦးကို သွားရောက်ကြည့်ရှု့ဖို့ပျက်ကွက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့စစ်
အုပ်စုနဲ့ပျူစောထီးတွေက ဒီဇင်ဘာလ ၆ ရက်ညပိုင်းမှာ ဖမ်းဆီးပြီးနောက် ငွေကြေးနဲ့ပြန်ရွေးခဲ့ရတယ်လို့ ပခုက္ကူမြို့ခံတွေက MFP ကို ပြောပါတယ်။
ပခုက္ကူမြို့ အမှတ် -၁၅ ရပ်ကွက်ကို စစ်အုပ်စုနဲ့ပျူစောထီးတွေက သန်းခေါင်စာရင်း ဝင်ရောက်စစ်ဆေးရာမှာ ပခုက္ကူမြို့ခံပြည်သူ ငါဦးကို မဲစာရင်းနံပါတ်မပြောနိုင်တာကြောင့် မြို့မရဲစခန်းကို ဖမ်းဆီးခေါ်ဆောင် သွားတာဖြစ်ပါတယ်။
ဒီဇင်ဘာလ ၇ ရက်မှာတော့ ဖမ်းဆီးခံရသူတွေကို မြို့မရဲစခန်းမှာပဲ မိသားစုဝင်တွေက ငွေကြေးနဲ့ပြန်ရွေးခဲ့ရတာကြောင့် လွတ်မြောက်လာတယ်လို့ ပခုက္ကူမြို့ခံတစ်ဦးက ပြောပါတယ်။
“စောင်ယူခဲ့လို့ ပြောပြီး တစ်လမ်းထဲ ၅ ယောက်ဖမ်းခေါ်သွားတာ။ နောက်ရက်နေ့ခင်းကျ ပြန်လွတ်လာတယ်။ ပိုက်ဆံနဲ့ထုတ်ရတာ၊ ကျွန်တော်တို့ မြို့ခံတွေက မဲပွဲကို ဘယ်သူမှ စိတ်မဝင်စားဘူး။ အဲဒါ ဒီဇင်ဘာ ၃ ရက်က မဲစာရင်းကြည့်ရမယ် မကြည့်ရင် ညအိမ်တွေထိဝင်စစ်ပြီး မဲစာရင်းနံပါတ်မသိတဲ့သူတွေကို ရိုက်တာဖမ်းတာလုပ်တယ်။ စစ်ရှောင်တွေကိုတော့ ဧည်စာရင်းစစ်တယ်လို့ကြားတယ်။ ကျွန်တော်တို့မြို့ခံတွေကိုပဲ မဲစာရင်းကြည့်ခိုင်းတာ”
စစ်အုပ်စုတပ်က ပခုက္ကူမြို့ပေါ်ကို စစ်ဘေးရှောင်လာကြတဲ့ ပေါက်မြို့နယ်၊မြိုင်မြို့နယ်နဲ့ပခုက္ကူမြို့နယ်က စစ်ရှောင်ပြည်သူတွေကိုသာ ဧည့်စာရင်းအဓိကစစ်ဆေးသလို ပခုက္ကူမြို့ခံတွေကိုတော့ မဲစာရင်းနံပါတ်ကို ကြည့်ခိုင်းပြီး စစ်ဆေးနေတာလို့ ဆိုပါတယ်။
လာမဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ အတင်းအကြပ်ပြုလုပ်မဲ့ စစ်အုပ်စုရွေးကောက်ပွဲကို ပခုက္ကူမြိုခံတွေက စိတ်မဝင်စားကြတာကြောင့် အခုလို အတင်းအကြပ်ဖိအားပေး ဖမ်းဆီးတာတွေ ပြုလုပ်လာလို့ မဲစာရင်းတွေ သွားရောက်ကြည့်ရှု့နေရတယ်လို့ ဆိုပါတယ်။
ပခုက္ကူခရိုင်အတွင်းမှာ စစ်အုပ်စုနဲ့တော်လှန်ရေးတပ်တွေက နေ့စဉ်နီးပါး တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်အုပ်စုပြုလုပ်မယ့် ရွေးကောက်ပွဲကို ပခုက္ကူမြို့ပေါ်မှာပဲ မဲပုံးထောင်နိုင်မှာဖြစ်ပြီး ကျေးရွာတွေကိုတော့ မဲပုံးမထောင်နိုင်ဘူးလို့ ဆိုပါတယ်။
နိုဝင်ဘာလ ၂၉ ရက်နေ့ ကလည်း ပခုက္ကူမြို့နယ် အေးကျွန်းကျေးရွာက စစ်အုပ်စုပြုလုပ်မယ့်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကျားဖြူပါတီကိုယ်စားလှယ်လောင်းတစ်ဦးကို လက်နက်ကိုင်လူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွားပြီး အခုချိန်ထိ ပြန်မလွတ်သေးဘူးလို့ ဆိုပါတယ်။
ဒီဇင်ဘာလ ၇ ရက်နေ့မှာတော့ မကွေးတိုင်းရုံးမှာ ကြံဖွံ့ပါတီက ကိုယ်စားလှယ်လောင်းတွေကို မိတ်ဆက်ပွဲပြုလုပ်ခဲ့ပြီး ပါတီဥက္ကဌ ဦးခင်ရီ တတ်ရောက်ခဲ့တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ(USDP)ပါတီက ထုတ်ပြန်ထားပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



