အီသာရမ်/MFP ၊ ဒီဇင်ဘာ-၁၀
မကွေးတိုင်းအတွင်းက ကမ္မ၊ ဆော၊ ယော၊ ထီးလင်း၊ ပခုက္ကူနဲ့ပေါက်မြို့နယ်တွေမှာ စစ်အုပ်စုဦးဆောင်ပြုလုပ်မယ့် ရွေးကောက်ပွဲအပေါ် ဆန့်ကျင်ကြောင်းပြသတဲ့ အသံတိတ်သပိတ်လှုပ်ရှားမှုကို စောင့်
ကြည့်ခြိမ်းခြောက်မှုတွေကြားကပဲ အောင်မြင်စွာ ဆင်နွဲနိုင်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFPကို ပြောပါတယ်.
ဒီဇင်ဘာလ ၁၀ ရက်နေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူအခွင့်အရေးနေ့မှာ ပြုလုပ်တဲ့ စစ်အုပ်စုရွေးကောက်ပွဲဆန့်ကျင်ကြောင်း အသံတိတ်သပိတ်ကို ပြည်သူတွေ ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မနက်အစောပိုင်း ကုန်စိိမ်းရောင်းပြီး ဈေးတွေ ပိတ်သွားပြီ။ပခုက္ကူမြို့ပေါ်ဈေးကတော့ ဖွင့်မယ်ထင်တယ်၊နယ်တွေက ကားတွေ မသွားတော့ ဖွင့်လည်း ဝယ်သူမှ မရှိတာ”
ပခုက္ကူမြို့ပေါ်မှာတော့ မြို့မဈေးကိုတော့ ပုံမှန်အတိုင်း ဖွင့်လှစ်ထားပြီး စစ်အုပ်စုတပ်က ပေါက်လမ်းနဲ့ ဗိုလ်ချုပ်လမ်းတွေမှာ ကားတန်းနဲ့ လုံခြုံရေးတင်းကြပ်ထားတယ်လို့ ဆိုပါတယ်။
အလားတူ ယောဒေသက ဆောမြို့နဲ့ထီးလင်းမြို့တို့မှာလည်း အသံတိတ်သပိတ်ကို ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (General Strike Coordination Body – GSCB)က ထုတ်ပြန်ထားပါတယ်။
စစ်အုပ်စုက နိုင်ငံတဝန်းက အသံတိတ်သပိတ်လုပ်တဲ့ မြို့နယ်တွေမှာ ဒေသခံတွေကို ခြိမ်းခြောက်တာနဲ့ အသံတိတ်သပိတ်ကို ပုံဖျက်ဖို့အတွက် မဲဆွယ်တာ၊ ပျော်ပွဲရွှင်ပွဲလုပ်တာ၊ အလှူပွဲလှည့်တာ၊ ဈေးရောင်းချတာ၊ စားနပ်ရိက္ခာပေးဝေတာ စတဲ့ပုံစံမျိုးစုံနဲ့ သပိတ်မဖြစ်မြောက်အောင် နှောင့်ယှက်ဖျက်ဆီးမှုတွေလည်း ရှိနေပါတယ်။
စစ်အုပ်စုတပ်က အသံတိတ်သပိတ် မဖြစ်မြောက်ရေးအတွက် လူထုကို ခြိမ်းခြောက်ဖိအားပေးမှုတွေ ကြားကပဲ စစ်ကိုင်းတိုင်းအပါဝင် ရန်ကုန်၊ မန္တလေး၊ မကွေး၊ ဧရာ၀တီတိုင်းစတဲ့ နိုင်ငံတဝန်းမှာလည်း မနက် ၁၀ နာရီကနေ နေ့လယ် ၃ နာရီအထိ လူအသွားအလာ မရှိဘဲ အသံတိတ်သပိတ်ကို အောင်မြင်စွာ ပါဝင်ဆင်နွှဲခဲ့ကြတာ ဖြစ်ပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



