တော်လှန်ရေးတပ်ဖွဲ့တွေကနေ ထွက်ပြေးသွားသူတွေက စစ်အုပ်စုနဲ့ပူးပေါင်းကာ နေအိမ်တွေကိုမီးရှို့ဖို့ လမ်းပြပေးနေ
အီသာရမ်/MFP၊ ဒီဇင်ဘာ-၁၅
တော်လှန်ရေးတပ်ဖွဲ့တွေ အားကောင်းတဲ့ မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ကမ္မမြို့မှာ ဒီဇင်ဘာလ ၁၃ ရက်နေ့က ပခုက္ကူတပ်မ – ၁၀၁ကနေ ခန့်မှန်းအင်အား ၂၀၀ ခန့်ပါတဲ့ စစ်အုပ်စုစစ်ကြောင်းဟာ မြို့အနီးမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFPကို ပြောပါတယ်။
တိုက်ပွဲမှာ အထိနာသွားတဲ့ စစ်အုပ်စုတပ်တွေဟာ ကမ္မ့မြို့အတွင်းက နေအိမ်တွေကို တော်လှန်ရေးတပ်တွေနဲ့ နီးစပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လိုက်လံမီးရှို့ဖျက်ဆီးခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ ဒေသခံပြည်သူတွေကို ဖမ်းဆီးထားပြီး ရပ်ကွက်ထဲက နေအိမ် ၁၀ လုံးခန့်ကိုလည်း မိီးရှို့ဖျက်ဆီးထားသလိုလက်နက်ကြီးပစ်ခတ်နေတာကြောင့် ဒေသခံအမျိုးသားတစ်ဦး ထိမှန်သေဆုံးခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ကမ္မမြို့ခံတစ်ဦးက ပြောပါတယ်။
“စစ်ကြောင်းမှာက စစ်အုပ်စုနဲ့ပေါင်းသွားတဲ့ကောင်ပါလာတာ၊ အဲဒီကောင်ကနေ စာရင်းနဲ့တစ်အိမ်ချင်းလိုက်ပြပြီး မီးရှို့နေတာ၊ အိမ် ၁၀ လုံးလောက်တော့ရှိပြီ၊ဖမ်းခံရတာတွေလည်း များတယ်။ အသက်ကြီးတဲ့သူတွေ ပြန်လွတ်ပြီး လက်ဗွေတွေယူထားတယ်တဲ့”
စစ်ကြောင်းဝင်ရောက်လာချိန်မှာ လက်နက်ကြီးနဲ့ရမ်းသမ်းပစ်လို့ ကမ္မမြို့ပေါ်က အသက် ၅၄ နှစ်အရွယ်အမျိုသားတစ်ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာ ရခဲ့ပေမဲ့ လုံခြုံရေးအခြေအနေကြောင့် နာမည်တွေကိုတော့ သူက မပြောသွားပါဘူး။
လက်ရှိ ဝင်ရောက်နေတဲ့ စစ်အုပ်စုစစ်ကြောင်းမှာ တော်လှန်ရေးတပ်တွေကနေ ထွက်ပြေးသူတွေပါဝင်နေပြီး သူတို့ရဲ့လမ်းပြမှုနဲ့ ကမ္မမြို့ပေါ်က လက်ရှိတော်လှန်ရေးတပ်တွေနဲ့နီးစပ်တဲ့သူတွေရဲ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေသလို ကမ္မမြို့နဲ့အနီးတဝိုက်မှာပဲ စစ်ကြောင်းဆက်ထိုးနေတယ်လို့ဆိုပါတယ်။
ဒါ့အပြင် စစ်အုပ်စုတပ်ဟာ ကမ္မမြို့ပေါ်က အချိန်မှီမရှောင်တိမ်းနိုင်တဲ့ ဒေသခံပြည်သူ ၁၀ ဦးကို ဖမ်းဆီးထားသလို အသက်ကြီးတဲ့သူတွေကိုတော့ ရွေးကောက်ပွဲအတွက် မဲစာရင်းလက် ယူကာ ပြန်လွှတ်ပေးနေသလို စစ်ကြောင်းကြောင့် ဒေသခံပြည်သူ ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ ဆိုပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



