မကွေးသတင်း

မြစ်ခြေနယ်ကို စစ်အုပ်စုနှစ်ရက်ဆက် လေကြောင်းကဗုံးကြဲလို့ အမျိုးသမီးတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရ၊ရှင်မကန်ပျုစောထီးရွာက စစ်အုပ်စုမြေပြင်စစ်ကြောင်းကလည်း မြစ်ခြေကို စစ်ကြောင်းထိုးဖို့ပြင်နေ

အီသာရမ်/MFP ၊ ဇန်နဝါရီ-၁၄

မကွေးတိုင်း၊ ပခုက္ကူခရိုင် မြစ်ခြေမြို့အနီးကို စစ်အုပ်စုက ဇန်နဝါရီလ ၁၂ ရက်နဲ့ ၁၃ ရက်မှာ နှစ်ရက်ဆက် ဗုံးကြဲသတ်ဖြတ်လို့ အမျိုးသမီးတစ်ဦးသေဆုံးကာ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၂ ရက်က မြစ်ခြေ-ကမ္မ လမ်းမပေါ်ကို ဂျက်ဖိုက်တာအမျိုးအစား လေယာဉ်နဲ့ ပေါင်သုံးရာဗုံးနှစ်လုံး ဆက်တိုက်ကြဲချ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဆုံဆည်းရာစားသောက်ဆိုင်နဲ့ နေအိမ်တစ်လုံး ပြိုကျပျက်စီးခဲ့ပါတယ်။

အလားတူ ဇန်နဝါရီလ ၁၃ ရက် နေ့လယ် ၃ နာရီခန့်မှာ မြစ်ခြေမြို့အနီး ကျေးရွာတစ်ရွာမှာရှိတဲ့ ဆိတ်ခြံကို ပေါင် သုံးရာဗုံးနှစ်လုံးနဲ့ကြဲချတိုက်ခိုက်တာအပြင် စက်လက်တွေနဲ့ပါ ပစ်ခတ်သွားတာကြောင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး အမျိုးသားတစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

“မြစ်ခြေမြို့အရှေ့နားလေးဗျ၊ ဆိတ်ခြံထဲက လင်မယားနှစ်ယောက်ထိတာ မိန်းမ‌ကတော့ ဆုံးသွားတယ်။ ယောက်ကျားကတော့ မစိုးရိမ်ရဒဏ်ရာရတယ်ဗျ။ ပေါင် ၃၀၀ နှစ်လုံးနဲ့ ရော့ကတ်တွေနဲ့ ပစ်သွားတာ”

ဗုံးကျရောက် ပေါက်ကွဲမှုကြောင့် ကျေးရွာအတွင်းက နေအိမ်တချို့ထိခိုက်ပျက်စီးကာ ဆိတ်ငါးကောင်လည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်အုပ်စုတပ်ဟာ မြစ်ခြေအနီးက ကျေးရွာတွေကို ညအချိန်မှာလည်း ပခုက္ကူတပ်မ -၁၀၁ က ပါရာမော်တာ နှစ်စီးနဲ့ ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီနေ့မှာလည်း ပခုက္ကူတပ်မ – ၁၀၁ က စစ်အုပ်စုစစ်ကြောင်းက ရှင်မကန်ပျူစောထီးကျေးရွာမှာ ရောက်ရှိနေပြီး မြစ်ခြေမြို့ကို ဦးတည်စစ်ကြောင်းထိုးဖို့ ပြင်နေတာကြောင့် ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့မြေပြင်စစ်ကြောင်း အန္တရာယ်တွေ သတိထားနေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေက သတိပေးထားပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button