အီသာရမ်/MFP ၊ ဇန်နဝါရီ-၂၆
မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ကမ္မမြို့နယ်မှာ ဇန်နဝါရီလ ၂၂ ရက်မှာ အင်အား ၂၀၀ ဝန်းကျင်ပါတဲ့ စစ်အုပ်စုစစ်ကြောင်း ဝင်ရောက်ပြီးနောက် အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သားငါးဦးကို ဖမ်းဆီးပြီးနောက် အမျိုူသမီးတစ်ဦးကို ဒီနေ့အထိ ပြန်မလွှတ်ပေးသေးဘူးလို့ ဒေသခံသတင်းရင်းမြစ်က MFP ကို ပြောပါတယ်။
စစ်အုပ်စုစစ်ကြောင်းဟာ ဇန်နဝါရီလ ၂၄ ရက်မှာ ဒေသခံငါးဦးကိုဖမ်းဆီးကာ ရိုက်နှက်နှိပ်စက်ပြီး ပြည်သူအမျိုးသမီးတစ်ဦးကိုတော့ သုံးရက်ကြာတဲ့အထိ ပြန်မလွှတ်သေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အခုတစ်ခေါက်က ပြည်သူနေအိမ်တွေကို မွှေတယ်နှောက်တယ်၊ပြည်သူတွေဖမ်းပြီး ရိုက်တာနှက်တာလည်းရှိတယ်။ ပြန်လွှတ်တာတွေလည်းရှိတယ် ပြန်မလွှတ်တာက အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးကို ဖမ်းသွားပြီး ပြန်မလွတ်သေးဘူးဗျ”
လက်ရှိမှာတော့ ဖမ်းဆီးထားတဲ့အမျိုးသမီးကို ကမ္မမြို့ပေါ် ရဲစခန်းမှာချုပ်နှောင်ထားပြီး မိသားစုဝင်တွေနဲ့လည်း တွေ့ခွင့်မပေးဘူးလို့ သူကဆိုပါတယ်။
စစ်အုပ်စုစစ်ကြောင်းမှာ ကမ္မမြို့အရှေ့ဘက်က တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ ရေလာလေးပျူစောထီးစခန်းက ပျူစောထီးတစ်ချို့ ပြန်ပါလာခဲ့ပြီး ကမ္မမြို့ပေါ်က နေအိမ်တွေကို စာရင်းနဲ့လိုက်လံဖမ်းဆီးမွှေနှောက်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
ဇန်နဝါရီလ ၂၅ ရက်နေ့ မနေ့ကတော့ စစ်အုပ်စုစစ်ကြောင်းနဲ့ကမ္မမြို့ပေါ်မှာကျန်ခဲ့တဲ့ ပြည်သူတစ်ဦးကို ဖမ်းဆီးသွားပြီး နှိက်စက်ကာ ပြန်လွှတ်ပေးလိုက်သလို ဆိုင်ကယ်ကိုလည်း အဲဒီနေရာမှာပဲ မီးရှို့ဖျက်ဆီးသွားတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုစစ်ကြောင်းက ပခုက္ကူတပ်မ ၁၀၁ ကနေ ဇန်နဝါရီလ ၁၆ ရက်နေ့က စတင်ထွက်ခွာလာတာဖြစ်ပြီး လမ်းတလျောက်က ကျေးရွာနေအိမ်တွေနဲ့ စစ်ဘေးရှောင်တောတိုက်တွေကို မီးရှို့ဖျက်ဆီးသွားသလို အဲဒီလို မီးရှို့ဖျက်ဆီးဖို့ အတွက် ဓာတ်ငွေ၊မီးကျည် စတာတွေ ယူဆောင်လာတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုစစ်ကြောင်းကြောင့် ကမ္မမြို့ပေါ် ၁၂ ရပ်ကွက်က ဒေသခံပြည်သူ သောင်းနဲ့ချီထွက်ပြေးတိမ်းရှောင်နေကြရပြီး ဒီနေ့မှာတော့ စစ်အုပ်စုစစ်ကြောင်းက ကမ္မမြို့မြောက်ဘက် သုံးမိုင်
အကွာက တွင်းမပျူစောထီးစခန်းကို ရောက်ရှိသွားပြီလို့ ဆိုပါတယ်။
ဓာတ်ပုံ – ကမ္မမြို့နယ် မကျီးတန်းရွာကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က စစ်အုပ်စုမီးရှို့ဖျက်ဆီးခဲ့ပုံ။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#အညာ #စစ်ကိုင်း #မန္တလေး #မကွေး



