မန္တလေးသတင်း

နွားထိုးကြီးနယ် ကံနှောင်းရွာအနီးမှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေ

MN/MFP ၊ အောက်တိုဘာ – ၁၅ ရက်

မန္တလေးတိုင်းထဲက ရွေးကောက်ပွဲမလုပ်နိုင်တဲ့ နွားထိုးကြီးမြို့နယ်မှာ စစ်အုပ်စုက စစ်ကြောင်းတွေဖြန့်ခွဲပြီး ဒီကနေ့ အောက်တိုဘာ ၁၅ ရက်ထိ နှစ်လကျော်ကြာ စီးနင်းလုယက်မီးရှို့နေသလို လေကြောင်းကပါ ဗုံးကြဲပစ်ခတ်နေတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

နွားထိုးကြီးနယ်အနောက်ခြမ်း မြင်းခြံ-နွားထိုးကြီး လမ်းပိုင်းကို နယ်မြေစိုးမိုးနိုင်ဖို့အတွက် ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်နေ့ကတည်းက စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုနဲ့ သီတာယုမွန်ဦးဆောင်တဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းဟာ ညောင်ပင်၊ ရွာကြီးနဲ့ မနေ့က ကံနှောင်းရွာတွေကို စီးနင်းလုယက် မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

ရွာတွေကို မီးရှို့ပြီး စစ်ကြောင်းရှေ့ဆက်တိုးလာချိန် ကံနှောင်းရွာအနီးမှာ အောက်တိုဘာလ ၁၅ ရက် ဒီနေ့မနက်ပိုင်းကစပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဆက်ပြင်းထန်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

“မနေ့က ကံနှောင်းရွာကို မီးရှို့ပြီးတော့ သူတို့(စစ်အုပ်စု)တွေ ရှေ့ဆက်တက်လာတယ်။ ဒီကနေ့မှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေအပြင်းအထန်ဖြစ်နေတယ်။ လေယာဉ်နဲ့လည်း ဗုံးလာကြဲနေတာ။ တိုက်ပွဲကတော့ နွားထိုးကြီးနယ်ထဲမှာ နေ့တိုင်းလိုလိုပြင်းထန်နေတာ”

နွားထိုးကြီးနယ် တိုက်ပွဲဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး စစ်အုပ်စုဘက်က စခန်းအချို့အပါဝင် PDF အလောင်းတွေနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိထားတယ်လို့ ဝါဒဖြန့်ရေးသားနေတာတွေလည်း တွေ့ရပါတယ်။

ဒါ့အပြင် နွားထိုးကြီးနယ် အရှေ့ခြမ်းနဲ့တောင်ခြမ်းမှာလည်း သာစည်နဲ့ တောင်သာမြို့နယ်ဘက်က စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်အုပ်စုနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“စစ်ကြောင်းက ပြီးခဲ့တဲ့လကတည်းက ဒီကနေ့ထိ ထိုးနေတုန်းပဲ။ လေယာဉ်တွေနဲ့လည်း နေ့တိုင်း တအုန်းအုန်းနဲ့ ဗုံးလာကြဲနေတာ။ စကစက နွားထိုးကြီးကို သိမ်းနိုင်ဖို့အတွက် ကုန်ကြောင်း၊ လေကြောင်းနဲ့ ထိုးစစ်ဆင်နေတာတွေ့ရတယ်။ စစ်ဘေးရှောင်တွေကလည်း တနေ့ထက် တနေ့ ပိုပိုတိုးလာနေပါတယ်။ ဆန်၊ဆီ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေပါတယ်”လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတစ်ဦးက MFP ကို ပြောပါတယ်။

မြင်းခြံခရိုင်ထဲက တောင်သာ၊ နွားထိုးကြီး၊ မြင်းခြံ သုံးမြို့နယ်ကို ပြီးခဲ့တဲ့ ဩဂုတ်လက စတင်ကာ စစ်ကြောင်းထိုးမီးရှို့နေတဲ့ စစ်အုပ်စုနဲ့ပျူတွေက အသက်မပြည့်သေးတဲ့ ကလေးငယ်တွေအပါဝင် အမျိုးသမီးတွေကို အဓမ္မပြုကျင့်သတ်ဖြတ်တာတွေ ကျူးလွန်ထားတယ်လို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေက ပြောဆိုထားပြီး တိုက်ပွဲသတင်းတွေအပါဝင် အသေးစိတ်ကိုတော့ သတင်းထုတ်ပြန်ပေးမယ်လို့ MFP က တုံပြန်ပြောဆိုထားပါတယ်။

မြင်းခြံနဲ့ နွားထိုးကြီးနယ်မှာ စစ်အုပ်စုနဲ့ သီတာယုမွန်ဦးဆောင်တဲ့ ပျူတွေက နယ်မြေစိုးမိုးနိုင်ဖို့ စစ်ကြောင်းထိုးမီးရှို့နေတာကြောင့် ကျေးရွာပေါင်း ၃၀ ကျော်က သောင်းနဲ့ချီတဲ့ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာ ဆေးဝါး အမိုးအကာ စတဲ့ အရေးပေါ်အကူညီတွေလိုအပ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

လက်ရှိမှာ စစ်အုပ်စုနဲ့ သီတာယုမွန်ဦးဆောင်တဲ့ ပျူတွေက မြင်းခြံ-နွားထိုးကြီး လမ်းပိုင်းပေါ်က နေအိမ်တွေကို ဖောက်ထွင်းလုယက်ပြီး အကြိမ်ကြိမ် မီးရှို့ဖျက်ဆီးနေတာကြောင့် သဲတော၊ ခင်မကန်၊ မြောက်ကုန်း၊ တဲ၊ ပျော်ဘွယ်၊ သမုန်းကိုင်း၊ ဗလုံ၊ ကန်ဆင့်(တောင်-မြောက်)၊ လက်ဝဲ-မြင်းနီ၊ တစိုး၊ ကျောက်ဆည်၊ မလည်၊ ရွာကြီး၊ ရွာသစ်၊ ကံနှောင်း၊ ရိုးမ၊ သာယာကုန်း၊ လျှော်ဖြူ၊ ညောင်ပင်သာ စတဲ့ ရွာပေါင်း ၂၀ ရွာကျော်က သောင်းနဲ့ချီတဲ့ ပြည်သူတွေ စစ်ဘေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာ၊ ဆေးဝါး၊ အမိုးအကာ အကူညီတွေ လိုအပ်နေတာပါ။

ဒါ့အပြင် လက်ရှိ နွားထိုးကြီးနယ် အရှေ့ခြမ်းနဲ့တောင်ဘက်ခြမ်းမှာလည်း သာစည်နဲ့ တောင်သာနယ်ဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဆက်ဖြစ်နေဆဲဖြစ်တာကြောင့် မကျီးကန်၊ မကျီးကုန်း၊ အောင်ပန်းကုန်း၊ သူဌေးကုန်း၊ ရွာသာအေး၊ ဆူးရစ်ကုန်း၊ ဖလံကုန်း၊ စည်ပင်၊ ဘုရားကြီး စတဲ့ ကျေးရွာပေါင်း ၁၀ ရွာထက်မနည်းက ဒေသခံတွေလည်း စစ်ဘေးတိမ်းရှောင်နေကြရပြီး အကူညီတွေလိုအပ်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လက မြင်းခြံနယ်အရှေ့ခြမ်းနဲ့ နွားထိုးကြီးနယ်အနောက်ခြမ်းက ကျေးရွာတွေကို စစ်အုပ်စုနဲ့ သီတာယုမွန်ဦးဆောင်တဲ့ ပျူတွေ အင်အား ၁၀၀၀ ဝန်းကျင်နဲ့ စတင် စစ်ကြောင်းထိုးခဲ့တာဖြစ်ပြီး ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့ခဲ့တာကြောင့် ရွာပေါင်း ၁၀ ရွာကျော်က စုစုပေါင်းအိမ်ခြေ ၁၅၀၀ ကျော် မီးလောင်ပျက်စီးပြီး ဒေသခံ ၂၅ ဦးထက်မနည်း ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောဆိုထားပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button