လူသစ်/MFP ၊ အောက်တိုဘာ – ၂၀
တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို စစ်အုပ်စုက နေ့စဉ်ရက်ဆက် လေကြောင်းတိုက်ခိုက်နေတာကြောင့် လက်ကျန်မိုးကုတ်ဒေသခံတွေဟာ စစ်ရှောင်ဖို့ ပြင်ဆင်နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အရင်ကတော့ မိုးကုတ်မြို့မှာပဲ တောင့်ခံနေထိုင်ခဲ့ကြပေမဲ့ စစ်ရေးအရ အရေးပါတဲ့ မိုးကုတ်-သပိတ်ကျင်းလမ်းပေါ်က ဖော့တောလမ်းဆုံကို စစ်အုပ်စုသိမ်းပိုက်ပြီးနောက် လေကြောင်းအန္တရာယ်က ပိုဆိုးရွားလာတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးကြရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၉ ရက်နေ့ကလည်း မိုးကုတ်မြို့နယ် ကျောက်ဖားရွာကို လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာကြောင့် လူနေအိမ်တွေနဲ့ ကြက်မွေးမြူရေးခြံ ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
နေရပ်စွန့်ခွာ တိမ်းရှောင်သူ များလာတာကြောင့် မိုးကုတ်-မန္တလေး ကားခလည်း လူတစ်ဦးကို ငွေကျပ် ငါးသိန်းအထိ ပေးလာရတယ်လို့ မိုးကုတ်မြို့ခံတစ်ဦးက ပြောတယ်။
“စစ်အုပ်စုက လူမနေတဲ့ အထက်ညောင်ကုန်းအထိ လေကြောင်းကနေ ပစ်တာတွေရှိလာတယ်။ မိုးကုတ်ကို TNLA သိမ်းပြီးနောက် ပြန်ဝင်လာတဲ့သူတွေရှိပေမဲ့ အခုအားလုံးနီးပါး ပြန်ထွက်ဖို့ ပြင်နေကြတာ။ ငွေရေးကြေးရေး သိပ်မတက်နိုင်တဲ့သူတွေပဲ ကျန်နေခဲ့မှာ။ အခုက ဖော့တော့လမ်းဆုံကိုလည်း ဟိုဘက်က သိမ်းလိုက်တယ်ဆိုတော့ ပိုစိုးရိမ်လာကြတာပါ”
စစ်အုပ်စုဟာ TNLA ထိန်းချုပ်ထားတဲ့ နောင်ချို၊ ကျောက်မဲနဲ့သီပေါတို့ကို ဆက်တိုက် သိမ်းယူလာတာကြောင့် မိုးကုတ်ဒေသခံတွေလည်း မြို့သိမ်းတိုက်ပွဲတွေ ဖြစ်လာမလားဆိုတဲ့ စိုးရိမ်ချက်တွေ ရှိနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ တစ်လဲထဲမှာပဲ တိုက်ပွဲဖြစ်နေတာ မရှိတဲ့ မိုးကုတ်ကို လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၀ ကျော် ပြုလုပ်ခဲ့ပြီး ဒေသခံ သုံးဆယ်ထက်မနည်း သေဆုံးခဲ့တယ်လို့ မိုးကုတ်မြို့ခံတွေက ဆိုကြပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



