မန္တလေးသတင်း

မန္တလေးမှာ ငလျင်ဒဏ်သင့် အဆောက်အဦးဖြိုချရာကနေ အမျိုးသားတစ်ဦး ပိတ်မိနေ

MN/MFP ၊ အောက်တိုဘာ – ၂၁

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်မှာ ဒီကနေ့ အောက်တိုဘာ ၂၁ ရက် နေ့လယ်ပိုင်းမှာ ငလျင်ဒဏ်သင့် အဆောက်အဦးဖြိုချရာကနေ ဘေးအိမ်ပေါ်ကို ပြိုကျပြီး အမျိုးသားတစ်ဦး ပိတ်မိနေတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နဲ့ လူမှုကူညီရေးအသင်းတွေက ထုတ်ပြန်ပါတယ်။

ချမ်းအေးသာစံမြို့နယ် ၃၃ လမ်းနဲ့ ၃၄ လမ်းကြား၊ ၈၅ လမ်းနဲ့ ၈၆ လမ်းကြားမှာရှိတဲ့ ငလျင်ဒဏ်သင့် အဆောက်ဦးဖြိုဖျက်နေရာကနေ ဘေးအိမ်ပေါ်ပြိုကျခဲ့တာကြောင့် နေအိမ်ထဲမှာရှိတဲ့ အမျိုးသားတစ်ဦး ပိတ်မိခဲ့တာ ဖြစ်ပါတယ်။

ပိတ်မိနေတဲ့ အမျိုးသားကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နဲ့အတူ မြို့ခံလူမှုကူညီရေးအဖွဲ့တွေ ပူးပေါင်းပြီး ကယ်ဆယ်ရေး လုပ်ဆောင်ပေးခဲ့တယ်လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။

“ ပိတ်မိသူကို ကယ်ပြီးတာနဲ့ ဆေးရုံကားပေါ် ပွေ့တင်သွားတာတော့ တွေ့တယ်။ အိမ်ဖြိုနေတာဆိုတော့ ဖုန်တွေရှိတော့ သဲသဲကွဲကွဲလည်း မမြင်ရဘူး။ တာဝန်ရှိသူတွေကလည်း ကယ်ဆယ်ရေးလုပ်နေတုန်းက လမ်းကို ခေတ္တပိတ်ထားတယ်”

ပိတ်မိသူ အမျိုးသားရဲ့နာမည်နဲ့ ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေ အသေးစိတ်ကိုတော့ MFP အနေနဲ့ သီးခြားအတည်မပြု နိုင်သေးပါဘူး။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်း ငလျင်ဒဏ်ကြောင့် မန္တလေးမြို့ပေါ်မှာ နေအိမ်အဆောက်အဦတွေ အများပြားပြိုကျပျက်စီးခဲ့ပြီး လူဦးရေ ၅၀၀ ထက်မနည်း သေဆုံးခဲ့သလို ငလျင်လှုပ်ပြီးနောက် ခုနစ်လနီးပါး ကြာမြင့်လာချိန်ထိ အဆောက်အဦး အပျက်စီးတွေ ဖယ်ရှားရှင်းလင်းလို့ မပြီးသေးဘူးလို့ မြို့ခံတွေက ဆိုပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button