အီသာရမ်/MFP ၊အောက်တိုဘာ-၂၄
မန္တလေးတိုင်းအတွင်းက ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၊ ညောင်ဦးနယ်အနောက်ခြမ်းမှာရှိတဲ့ ကျေးရွာတွေကို အောက်တိုဘာလ ၂၃ ရက်နေ့ကတည်းက စစ်အုပ်စုက စစ်ကြောင်းသုံးကြောင်းခွဲထိုးနေသလို ကျေးရွာနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးနေတာကြောင့် ဒေသခံပြည်သူထောင်နဲ့ချီ ထွက်ပြေးနေရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
စဉ့်ကူရဲစခန်းကနေ ညောင်ဦးနယ် အနောက်ခြမ်းက ရွာတွေကို ခန့်မှန်းအင်အား ၃၀၀ ခန့်ပါတဲ့ စစ်အုပ်စုတပ်က စစ်ကြောင်းသုံးကြောင်းခွဲထိုးနေပြီး မီးလောင်ဖျား(တောင်)ရွာနဲ့ မီးလောင်ဖျား (မြောက်) ရွာ တို့က နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ညောင်ဦးမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“စစ်ကြောင်းက သုံးကြောင်းထိုးတာ တစ်ကြောင်း တစ်ရာလောက်ပါတယ်၊မီးရှို့ခံရတာက မီးလောင်ဖျား တောင်ရွာ၊မြောက်ရွာ နဲ့ ေစစ်ကြောင်းရှိနေလို့ ဘယ်သူမှတော့ သွားမကြည့်နိုင်သေးဘူး၊(မီးလောင်ဖျား)မြောက်ရွာကတော့ များတယ်”
မီးလောင်ဖျားတောင်ရွာနဲ့ မြောက်ရွာတို့ဟာ စစ်အုပ်စုစစ်ကြောင်းတွေ အကြိမ်ကြိမ် မီးရှို့ဖျက်ဆီးခံနေရတဲ့ ကျေးရွာဖြစ်ပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ နေအိမ်တစ်ထောင်ခန့်နဲ့ လူဦးရေ လေးထောင်ကျော် နေထိုင်ပါတယ်။ စစ်အုပ်စုက ရွာကိုစစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် ဒေသခံတွေပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို ယူဆောင်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ရွာလုံးကျွတ်နီးပါး ပျက်စီးသွားပြီလို့ ဆိုပါတယ်။
ညောင်ဦးနယ်မှာ ရွာစဉ်လှည့် စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်တာတွေရှိပေမဲ့ ထိခိုက်သေဆုံးမှု အခြေအနေအသေးစိတ်ကို တော့ မသိရသေးဘူးလို့ ဆိုပါတယ်။
စစ်အုပ်စုစစ်ကြောင်းကြောင့် မီးလောင်ဖျား (တောင်) ၊မီးလောင်ဖျား (မြောက်)၊ ကျောက်ပြင်ကန်ကျေးရွာ၊ မြောင်ကျေးရွာ၊ ချောင်းရှည်ကျေးရွာ၊ အနောက်အုံကျေးရွာ၊ ဇီးစမြင်
အနောက်ရွာနဲ့ ပွဲတိုင်းရွာသစ်ကျေးရွာ စတဲ့ ကျေးရွာဆယ်ရွာခန့်က ဒေသခံပြည်သူထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ ဆိုပါတယ်။
အခုနှစ် ဇွန်လ ၃၀ ရက်နေ့ကနေ ဇူလိုင် ၂ ရက်နေ့အထိ ညောင်ဦးခရိုင်ထဲက ငါ့သရောက်မြို့နားမှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ ရက်ရှည်တိုက်ပွဲပြင်းထန်ပြီးနောက် သေဆုံးထိခိုက်များခဲ့တဲ့ စစ်အုပ်စုက ကျေးရွာတွေကို စစ်ကြောင်းထိုးတာတွေ ပိုလုပ်လာတယ်လို့ MFP ရဲ့ သတင်းအရင်းအမြစ်တွေက ဆိုကြပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



