စစ်အုပ်စုတပ်ကို TNLA က ဦးဆောင်ခေါ်သွင်းလာမှာကို မြို့ခံတွေ စိုးရိမ်နေ
နန်းယု/MFP၊နိုဝင်ဘာ – ၃
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ထိန်းချုပ်ဒေသဖြစ်တဲ့ မိုးကုတ်မြို့ကနေ နို၀င်ဘာလ မကုန်ခင်မှာဘဲ ထွက်ခွာဖို့ပြင်ဆင်နေတယ်လို့ စစ်ရေးနဲ့နီးစပ်သူတွေက MFP ကိုအတည်ပြု ပြောပါတယ်။
တရုတ်နိုင်ငဲရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်အုပ်စုနဲ့ TNLA တို့ ၉ကြိမ်မြောက် တွေ့ဆုံညှိုနှိုင်းခဲ့ပြီးနောက် အပစ်ရပ်သဘောတူညီချက်နဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့နဲ့ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့တို့ကို စစ်အုပ်စုထံ ပြန်လည်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
အောက်တိုဘာလ ၃၀ ရက်နေ့က မိုးကုတ်မြို့က ရပ်အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ အစည်းအဝေးမှာ TNLAက ပြောကြားခဲ့တာလို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
“၃၀ရက်နေ့က ရပ်ကျေးအဖွဲ့တွေနဲ့ တွေ့ဆုံတာမျိုး ရှိခဲ့ပါတယ်။ အဲဒီပွဲမှာ TNLA ဘက်က အရာရှ်ိအကြီးပိုင်းထဲကနေ ပြောနေသံကို ကျနော်တို့ ကြားရပါတယ်။ နာမည်နဲ့ရာထူးနဲ့ပြောပြဖို့အတွက် အခက်ခဲရှိလို့ပါ။ ဟုတ်တယ်ဗျ ၂၅ ရက်နေ့ နောက်ဆုံးလို့ သိရပါတယ်။ ၂၀ ရက်နေ့ TNLA က မိုးကုတ်ကနေ တပ်တွေဆုတ်ခွာမယ်ပေါ့၊ TNLA ဘက်က မိုးကုတ်မှာ စစ်အုပ်စုဝင်လာတာနဲ့ ဆက်ဆံရေးရုံး ဖွင့်ဖို့ ကြိုးစားနေတာကိုလည်း သိထားပါတယ်။ စစ်အုပ်စုကို သူတို့ပဲခေါ်သွင်းလာမှာလားဆိုတဲ့ မေးခွန်းမေးကြပေမဲ့ ပြန်တော့မဖြေသွားပါဘူး”
TNLAတပ်တွေ မိုးကုတ်ကနေ ဆုတ်ခွာသွားပေမဲ့ စစ်အုပ်စုကတော့ ဘယ်လိုဝင်ရောက်မလာမလဲဆိုတာ မသိရသေးသလို တော်လှန်ရေးအင်အားစုတွေကတော့ ဆက်ကာကွယ်မယ်လို့ အသီးသီးထုတ်ပြန်ထားကြပါတယ်။ ဒါ့အပြင် စစ်အာဏာရှင်ကို တိုက်ထုတ်နိုင်ဖို့နဲ့ ထိန်းချုပ်နယ်မြေတွေကို ဆက်ကာကွယ်နိုင်ဖို့ တပ်သားအသစ်တွေပါ ဖိတ်ခေါ်နေတာ ဖြစ်ပါတယ်။
လက်ရှိမှာ မိုးကုတ်မြို့ကို TNLAက ဆက်လက်ထိန်းချုပ်ထားဆဲ ဖြစ်သလို မြို့တွင်းအခြေအနေမှာလည်း ငြိမ်သက်နေတယ်လို့ မိုးကုတ် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“ကျနော်တို့မြို့က နောင်ချိုလို ကျောက်မဲလို သီပေါလို မဟုတ်ဘူး။ မြို့ခံ PDF တွေ အများကြီးပါတယ်။ သူတို့ ဒီလို လက်လွတ်စပယ် ထိုးပေးလိုက်တာက မြို့အတွက် အရမ်းဆိုးသွားပြီ။ TNLA က တခြား ကာကွယ်ရေးတပ်တွေကို နောက်ကြောဓါးနဲ့ထိုးလိုက်သလိုပဲလို့ ခံစားရတယ် “
ဒီနေ့အထိ TNLAဘက်က ဒေသအခြေစိုက်တော်လှန်ရေး အင်အားစုတွေကို မိုးကုတ်မြို့ကနေ ထွက်ခွာသွားမဲ့ အခြေအနေနဲ့ပတ်သက်လို့ တရားဝင်အသိပေး အကြောင်းကြားတာမျိုး မရှိဘူးလို့ သူကဆိုပါတယ်။
TNLAရဲ့ ပြောခွင့်ရသူ လွေးယေဦးကတော့ စစ်အုပ်စုရဲ့လေကြောင်းဖိအားနဲ့ တရုတ်နိုင်ငံက ဖိအားတွေကြောင့် ပြည်သူတွေ ထိခိုက်မှုနည်းတဲ့ အပစ်ရပ်ဖို့ကို ရွေးချယ်ခဲ့ရတာလို့ MFP ကို ဖြေဆိုထားပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်တို့ကို TNLA နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းယူခဲ့တာဖြစ်ပြီး မြို့တွေရဲ့ စီးပွားရေးနဲ့ အုပ်ချုပ်ရေးစတဲ့ ကဏ္ဍတွေကို TNLA က ဦးဆောင်ကွပ်ကဲနေတာ ဖြစ်ပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။



