မန္တလေးသတင်း

စစ်အုပ်စုလေကြောင်းတိုက်ခိုက်မှုကြောင့် စဉ့်ကူးမှာ တစ်ရက်ထဲ စစ်ဘေးရှာင် ၆ ဦးသေ၊ ၁၀ ဦးဒဏ်ရာရ

ဆောင်းနွေဦး/MFP ၊ နိုဝင်ဘာ – ၇

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်က ရွှေပြည်ရွာနဲ့ ညောင်ကုန်းရွာကို အောက်တိုဘာလ ၇ ရက်ဒီနေ့ နေ့လယ်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ဒေသခံ ခြောက်ဦး သေဆုံးကာ ၁၀ ဦးဒဏ်ရာရခဲ့တယ်လို့ MFP ရဲ့ ဒေသခံသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ညောင်ကုန်းရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုမှာတော့ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦး နေရာမှာတင် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ရွှေပြည်ရွာက မတ္တရာကစစ်ဘေးရှောင်တွေ စုပေါင်းနေထိုင်နေကြတဲ့ ရွှေပြည်ရွာစာသင်ကျောင်းကို လေကြောင်းကနေ ဗုံးကြဲရာမှာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးလေးဦး သေဆုံးခဲ့တယ်လို့ အဲဒီအခြေအနေကို သိသူတစ်ဦးက ပြောပါတယ်။

“ရွှေပြည်ရွာ စာသင်ကျောင်းဗုံးကြဲခံရတာကတော့ အသက် ၅၀ ကျော်နဲ့ ၆၀ ကျော်အရွယ်တွေ သုံးယောက်ပါပါတယ်။ နေ့လယ်စာမစားခင်ကို လာကြဲသွားတာ။ ဒဏ်ရာရတဲ့သူ ၁၀ ဦးမှာတော့ အသက်မပြည့်သေးတဲ့ ကလေးနှစ်ဦးပါပါတယ်။ သေဆုံးသူတွေက ကင်းရွာခံတွေလို့တော့ ကနဦး သိထားပါတယ်။ ရွှေပြည်စာသင်ကျောင်းကို မိနစ်ပိုင်းပဲခြားပြီး လေကြောင်းက လေးကြိမ်​ဗုံးကြဲသွားတာပါ”

ဒဏ်ရာရသူတွေကို ဆေးကုသမှုပေးနေပြီး ဒဏ်ရာပြင်းထန်သူတချို့လဲ ပါဝင်တာကြောင့် အနီးကပ်စောင့်ကြည့် နေရတယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလ ၆ရက် ည ၁၁ နာရီကလည်း သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာနဲ့ ဆင်းမွှေးကျေးရွာကို စစ်အုပ်စု တိုက်လေယာဉ်နဲ့ ရွာက နေအိမ်တွေပေါ် ဗုံးပတ်ကြဲသတ်ဖြတ်လို့ အိုးအိမ်တွေ ပျက်စီးကာ ဆင်မွှေးကျေးရွာက ပြည်သူတစ်ဦး သေဆုံးခဲ့ရတယ်လို့ သပိတ်ကျင်းဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုဟာ ပြည်သူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ဖို့ ရည်ရွယ်ပြီး မြို့၊ရွာ လူနေရပ်ကွက်တွေထဲ ပထမအကြိမ် ဗုံးကြဲချပြီးနောက် အဲ့ဒီ ဗုံးကြဲခံရတဲ့နေရာကို ရပ်ရွာဒေသခံတွေက စုဝေးလာပြီး ကူညီကယ်ဆယ်ရေး လုပ်နေချိန် ထပ်မံ ဗုံးကြဲသတ်ဖြတ်တဲ့ လုပ်ရပ်မျိုးတွေ ဆက်တိုက် ကျူးလွန်နေတာ ဖြစ်ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button